ကလော့ပ် ထွက်တော့မှာမို့ မန်နေဂျာသစ်အတွက် လီဗာပူးမှာ ဆက်ရှိနေမလား မေးခွန်းကို တုန့်ပြန်လာပါပြီ

လီဗာပူးအသင်းဟာ ကလော့ပ်နေရာ အစားထိုးမှုကို အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့ လိုအပ်နေပြီး ကလပ်ရဲ့ ရွေးချယ်မှုအပေါ် မူတည်ပြီး အဓိက ကစားသမားတွေရဲ့ အနာဂတ်က အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။

မိုဆာလာ၊ ဗန်ဒိုက်နဲ့ ထရန့်တို့ဟာ လီဗာပူးအသင်းနဲ့ စာချုပ် ၁၈ လ ပဲ ကျန်ရှိတော့တာပါ။ သူတို့ကို စာချုပ်သစ် ပေးနိုင်ခြင်း မရှိသေးချိန်မှာ ကလော့ပ် ထွက်ခွာမယ့် ကိစ္စ ပေါ်ပေါက်လာခြင်းဟာ လီဗာပူးအသင်းအပေါ် အများကြီး ရိုက်ခတ်မှု ရှိလာပါတယ်။

နော်ဝစ်ချ်ပွဲအပြီးမှာ ဗန်ဒိုက်က “ ကလပ်ရဲ့ လက်ထဲမှာ ကြီးမားတဲ့ တာဝန်ရောက်ရှိနေပါပြီ။ မန်နေဂျာ နေရာတင် အစားထိုးရမှာ မဟုတ်ဘဲ နည်းပြအဖွဲ့ တစ်ခုလုံးကို အစားထိုးရမှာပါ။ အပြောင်းအလဲကြီးတွေ အများကြီး ရှိလာပါမယ်။

ဘယ်လို ဦးတည်ချက်မျိုး ရောက်လာမလဲဆိုတာကို ကျနော် အတော်လေး စိတ်ဝင်စားနေပါတယ်။ ကိစ္စတွေကို ကြေညာလာချိန်ကျရင် ကျနော်တို့ရဲ့ အခြေအနေကိုလည်း သိရပါလိမ့်မယ်။

ဘယ်လမ်းကြောင်းကို သွားမလဲဆိုတာ အရမ်းသိချင်ပေမယ့် ကြေညာမယ့်အချိန်ကျရင် ကျွန်တော်တို့ရဲ့ အခြေအနေကို မြင်ရမှာပါ။ ” လို့ ထုတ်ပြောခဲ့ပါတယ်။

လီဗာပူးခေတ်သစ်မှာ သူ ပါဝင်ဦးမလားလို့ မေးခံရချိန်မှာတော့ “ ဒါက မေးခွန်းကြီးပါ။ ကျနော် မသိသေးပါဘူး ” လို့ ဗန်ဒိုက်က သူ့အနာဂတ် လီဗာပူးမှာပဲ ဆက်ရှိနေဖို့ မသေချာသေးကြောင်း ဆက်ပြောခဲ့ပါတယ်။

ဗန်ဒိုက်နဲ့ ဆာလာတို့ဟာ လီဗာပူးရဲ့ လုပ်ခ အများဆုံးရ ကစားသမားတွေဖြစ်ပြီး နွေကျရင် အသက် ၃၃ နှစ်နဲ့ ၃၂ နှစ်အရွယ်တွေ ရှိနေတော့မှာပါ။ သူတို့ကို စာချုပ်သစ်ပေးဖို့က စိန်ခေါ်မှုကြီး ဖြစ်လာသလို ကစားသမားတွေ ကိုယ်တိုင်က ဘာရွေးချယ်မယ် မသိနိုင်သေးပါဘူး။

အသက် ၂၅ နှစ်အရွယ် ထရန့်ကို ဒီတစ်ကြိမ် သက်တမ်းတိုးမယ်ဆိုရင် ကလပ်ရဲ့ ထိပ်တန်း လုပ်ခရှင်တွေထဲက တစ်ဦး ဖြစ်လာတဲ့ထိ တိုးပေးရမှာဖြစ်ကာ အခုချိန်ထိတော့ စာချုပ်သစ်ကိစ္စ သတင်းထူး ထွက်မလာသေးပါဘူး။