FSG လက်ထက် တတိယမြောက် လီဗာပူး မန်နေဂျာ ရွေးချယ်မှုဟာ ဘယ်လို စံနှုန်းနဲ့ ဖြစ်လာမလဲ

ဒီနွေမှာတော့ လီဗာပူးအသင်းဟာ ကလပ်ရဲ့ အရေးကြီး ရာထူးဖြစ်တဲ့ မန်နေဂျာ (ဒါမှမဟုတ်) နည်းပြချုပ် နေရာအတွက် လူသစ် ခန့်အပ်မှု ပြုလုပ်သွားမှာပါ။

တကယ်တမ်းမှာတော့ လီဗာပူးပိုင်ရှင်တွေဖြစ်တဲ့ FSG လက်ထက်မှာ လီဗာပူးအသင်းရဲ့ မန်နေဂျာ ရာထူး ရှာဖွေမှုဟာ ဒီတစ်ကြိမ်ဆိုရင် ၃ ကြိမ်မြောက် ဖြစ်လာပါမယ်။ လီဗာပူးအသင်းဟာ ကလပ်ရဲ့ ပေါ်လစီနဲ့ ကိုက်ညီမယ့် မန်နေဂျာ ရှာဖွေရာမှာ အရင်ကလည်း အတွေ့အကြုံတွေ ရှိထားခဲ့ပြီး ဖြစ်ပါတယ်။

FSG ရဲ့ ကနဦး ကာလမှာ အင်္ဂလန်သားနည်းပြ ရွိုင်ဟော့ဆန်ကို ရာထူးကနေ ထုတ်ပယ်ပြီး ကင်းကင်နီကို ခပ်မြန်မြန် တာဝန်ပေးခဲ့ချိန်လောက်ပဲ မန်နေဂျာတာဝန်အတွက် အလျင်စလို လုပ်ဆောင်မှုမျိုး ဖြစ်ခဲ့ပါတယ်။

နောက်ပြီး အဲ့အချိန်တုန်းက လီဗာပူးအသင်းဟာ မော်ဒန်ဘောလုံးကလပ် ဖွဲ့စည်းမှုတွေ စတင်ပျိုးထောင်ချိန်ဖြစ်လို့ ဒေတာပိုင်း အရမ်း မသုံးနိုင်သေးသလို မိုက်ကယ်အတ်ဝပ်တို့တောင် ရာထူးငယ်ပဲ ရှိပါသေးတယ်။ အပြောင်းအရွှေ့မှာ ကော်မတီက ရွေးချယ်တာထက် ကင်းကင်နီ အလိုကျ ဝယ်ယူမှုကိုပဲ ပိုလုပ်ပေးခဲ့ပါတယ်။

၂၀၁၂ ပထမမျိုးဆက်

လီဗာပူးတာဝန်ရှိသူတွေဟာ ကလပ်ကို ဥရောပထိပ်တန်း အဆင့်ထံ ပြန်ပို့ဆောင်ဖို့ ၂၀၁၂ လောက်မှာ သူတို့ရဲ့ Money Ball ဗျူဟာနဲ့အတူ ပထမဆုံး ခြေလှမ်းကို စတင်ခဲ့ချိန်ဖြစ်ပါတယ်။

ထိုစဉ်က ဥရောပမှာကော အင်္ဂလန်လိဂ်မှာပါ အစစ အရာရာ အရှိန်အဝါ ကျဆင်းနေတဲ့ လီဗာပူးကို ပြန်ထမ်းတင်ဖို့ရာ ရေရှည်အတွက် ရည်ရွယ်တဲ့ ပလန်ကို စတင်ခဲ့ပါတယ်။

အခြေခံအားဖြင့် ဆွဲဆောင်မှုရှိတဲ့ ကစားဟန်ကို ကျင့်သုံးရမယ်၊ အလားအလာရှိရမယ်၊ အပြောင်းအရွှေ့ ကော်မတီလို ပရော်ဖက်ရှင်နယ်တွေဖြင့် ဖွဲ့စည်းထားတဲ့ အစုအဖွဲ့တွေဖြင့်နဲ့ လက်တွဲလုပ်နိုင်ရမယ် ဆိုတဲ့ အချက်တွေနဲ့ ကိုက်ညီတဲ့ မန်နေဂျာလောင်းတွေကို ကလပ်က စိစစ် ရွေးထုတ်ခဲ့ပါတယ်။

လီဗာပူးအသင်းဟာ လျာထား ပုဂ္ဂိုလ် ၁၂ ဦးထိကို စကားပြောခဲ့ပြီး ထိုစဉ် ဝီဂန်နည်းပြ ရော်ဘတ်တို မာတီနက်စ်နဲ့ ဆွမ်ဆီးနည်းပြ ဘရန်ဒန် ရော်ဂျာတို့ဟာ ကာပယ်လို၊ ဘိုစ့်အာတို့ကို ကျော်ပြီး ထိပ်ဆုံးရောက်လာခဲ့တယ်။

လီဗာပူးအသင်းဟာ ထိုစဉ်က ရာထူးကနေ အနားယူထားတဲ့ ဂွာဒီယိုလာကိုလည်း ချဉ်းကပ်ပေမယ့် တစ်ရာသီ အနားယူလိုသေးတယ်ဆိုကာ ငြင်းဆန်ခံခဲ့ရပါတယ်။

အဆုံးမှာတော့ ဘရန်ဒန် ရော်ဂျာဟာ လီဗာပူးအသင်းရဲ့ မူကြမ်းနဲ့ ကိုက်ညီတဲ့ မန်နေဂျာအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

၂၀၁၅ ဒုတိယမျိုးဆက်

ဆွာရက်စ် ထွက်ခွာသွားပြီး ဂျရတ်ကိုလည်း ရှင်းထုတ်တဲ့ ၂၀၁၄ ဝန်းကျင်မှာတော့ ရော်ဂျာရဲ့ ဩဇာဟာ ဆက်တိုက် ကျဆင်းလာပါတယ်။ ၂၀၁၅ နွေမှာ ရော်ဂျာဟာ သူဦးဆောင်တဲ့ နည်းပြအဖွဲ့ကို အသစ် ပြန်ဖွဲ့စည်းပေမယ့် ပရိသတ်ကြိုက်နှုန်း ထိုးကျသွားခဲ့ပါပြီ။

ရာသီဝက်မှာ နည်းပြရော်ဂျာကို ရာထူးကနေ ထုတ်ပယ်ပြီးတဲ့နောက် FSG ဟာ ထုံးစံအတိုင်း ဒေတာသုတေသနအဖွဲ့နဲ့ တိုင်ပင်ပြီး နည်းပြလောင်း ရှာဖွေခဲ့ပါတယ်။ အဆင့်ဆင့် စစ်ထုတ်အပြီးမှာ ယာဂင်ကလော့ပ်နဲ့ အန်ဆယ်လော့တီတို့ နှစ်ဦးထဲက တစ်ဦးကို ရွေးချယ်ဖို့ ဖြစ်လာပါတယ်။

ကလော့ပ်က အားကစားဒါရိုက်တာတွေနဲ့ တွဲလုပ်နိုင်ပြီး ဂျာမနီရဲ့ ဘုရင်ကြီးဘွဲ့ကနေ လောလောလတ်လတ် အနားယူထားသူဖြစ်ပါတယ်။ အန်ဆယ်လော့တီကတော့ သူ့ရဲ့ ကြွယ်ဝတဲ့ ဘောလုံး အတွေ့အကြုံနဲ့အတူ ဆုဖလားများစွာ အောင်မြင်ဖူးပါတယ်။ နောက်ဆုံးမှာ FSG က ကလော့ပ်ကို ရွေးချယ်ခဲ့ပါတယ်။

၂၀၂၄ တတိယမျိုးဆက်

ကလော့ပ် ထွက်ခွာမှာဖြစ်တာကြောင့် လီဗာပူးအသင်းရဲ့ ဒေတာသုတေသနအဖွဲ့ရဲ့ ဒါရိုက်တာဟာ စတင် အလုပ်များနေပါပြီ။

ဒီတစ်ကြိမ်မှာ အင်္ဂလန်ပြင်ပကနေ လေဗာကူဆင်နည်းပြ အလွန်ဆိုနဲ့ စပို့တင်းနည်းပြ အာမိုရင်းတို့ကို စောင့်ကြည့်နေတယ်။ ပြည်တွင်းမှာတော့ ဒီဇာဘီ၊ ပိုစတီဂိုကလူနဲ့ သောမက်စ် ဖရန့်တို့ ပါနေပါတယ်။ ရွေးချယ်ရမယ့် မန်နေဂျာဟာ လီဗာပူးအသင်း စံသတ်မှတ်ချက် မူကြမ်းတွေနဲ့ ကိုက်ညီမှု ရှိရမှာဖြစ်ပါတယ်။

လီဗာပူးအကြီးအကဲတွေဟာ နည်းပြလောင်းလျာ ရှာဖွေနေစဉ်မှာ အားကစားဒါရိုက်တာ ရာထူးအတွက်လည်း လူသစ်ရှာဖွေနေပါတယ်။ ဒီလတွေအတွင်း အကဲဖြတ်မှုတွေ ပြုလုပ်မှာဖြစ်ကာ ရာသီသစ် မတိုင်ခင် ၂ နေရာလုံးကို အစားထိုးသွားမှာ ဖြစ်ပါတယ်။