ကလော့ပ် ထွက်မယ်ဆိုတဲ့ သတင်းအပြီးမှာ သတင်းထောက်တွေက လီဗာပူး အသင်းခေါင်းဆောင် ဗန်ဒိုက်ကို စာချုပ်သက်တမ်း တိုးမှာလားလို့ တိုက်ရိုက်ကျတဲ့ မေးခွန်းတွေ မေးခဲ့ပါတယ်။
ဗန်ဒိုက်ကတော့ “ ကလပ်ရဲ့ လက်ထဲမှာ ကြီးမားတဲ့ တာဝန်ရောက်ရှိနေပါပြီ။ မန်နေဂျာ နေရာတင် အစားထိုးရမှာ မဟုတ်ဘဲ နည်းပြအဖွဲ့ တစ်ခုလုံးကို အစားထိုးရမှာပါ။ အပြောင်းအလဲကြီးတွေ အများကြီး ရှိလာပါမယ်။
ဘယ်လို ဦးတည်ချက်မျိုး ရောက်လာမလဲဆိုတာကို ကျနော် အတော်လေး စိတ်ဝင်စားနေပါတယ်။ ကိစ္စတွေကို ကြေညာလာချိန်ကျရင် ကျနော်တို့ရဲ့ အခြေအနေကိုလည်း သိရပါလိမ့်မယ်။ ” လို့ ထုတ်ပြောခဲ့ပါတယ်။
လီဗာပူးခေတ်သစ်မှာ သူ ပါဝင်ဦးမလားလို့ မေးခံရချိန်မှာတော့ “ ဒါက မေးခွန်းကြီးပါ။ ကျနော် မသိသေးပါဘူး ” လို့ ဗန်ဒိုက်က သူ့အနာဂတ် လီဗာပူးမှာပဲ ဆက်ရှိနေဖို့ မသေချာသေးကြောင်း ဆက်ပြောခဲ့ပါတယ်။
ဗန်ဒိုက် စာချုပ်သစ်ကိစ္စ ဖြေပေးဖို့ ငြင်းဆန်ခဲ့ခြင်းအပေါ် နည်းပြကလော့ပ်က မကောင်းမမြင်သလို ကစားသမားတွေကို ဖိအားပေးနေကြတဲ့ အင်္ဂလန် သတင်းဌာနတွေအား အခုလို တုန့်ပြန်လာပါတယ်။
“ အရင်အပတ်လောက်က ကျနော် အခြေအနေကို ဘယ်သူမှ မသိကြပါဘူး။ အဲ့တာကြောင့် ဘယ်သူမှ စာချုပ်ကိစ္စ မေးမြန်းတာတွေ မလုပ်ခဲ့ကြဘူး။ ကောင်လေးတွေကို ခဏနားခွင့် ပေးလိုက်ကြပါ။ ဘယ်သူမှ စိတ်ပူနေဖို့ မလိုပါဘူး။
ဒီလိုအခြေအနေတွေ ဖြစ်လာမယ်ဆိုတာ ကျနော် သိပါတယ်။ လူတွေက ဒီလို မေးခွန်းတွေကို ချက်ခြင်း မေးလိုကြတယ်။ မင်းတို့ ရေးချင်တာရေးပါ။ လီဗာပူးအသင်းက တည်တည်ငြိမ်ငြိမ် ရှိနေပါတယ်။ ” လို့ ထုတ်ပြောလာတာ ဖြစ်ပါတယ်။
ဗန်ဒိုက်ကလည်း မနေ့ညတုန်းကပဲ သူ့ရဲ့ ဖြေဆိုမှုကို တလွဲတွေ မဖော်ပြဖို့နဲ့ သူဟာ လီဗာပူးအသင်းအတွက် စိတ်နှစ်မြုပ်ထားဆဲလို့ ပြန်လည် ဖော်ပြလာခဲ့တာ ဖြစ်ပါတယ်။