ဒီကနေ့ည အန်ဖီးမှာ ထိပ်တိုက်တွေ့မယ့် ပရီးမီးယားလိဂ် ပွဲမတိုင်ခင် ပြိုင်ဘက် ချယ်ဆီးနည်းပြ ပိုချက်တီနိုက လီဗာပူးအသင်းနဲ့ ပရိသတ်တွေကို သတိပေးလာခဲ့ပါတယ်။
ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးနဲ့ ချယ်ဆီးတို့ ပြည်တွင်း အမှတ်ပေးဖလား ပြိုင်ပွဲမှာ ထိပ်တိုက်တွေ့ကြမှာဖြစ်ကာ ဒါဟာ နောက်လမှာ ထိပ်တိုက် ယှဉ်ပြိုင်ရမယ့် ကာရာဘောင်းဖလား ဖိုင်နယ်ပွဲ မတိုင်ခင် ထိပ်သီး ၂ သင်းကြားက အားစမ်းမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ကလော့ပ်ကို လမ်းခွဲခြင်း မတိုင်ခင် ကစားရသမျှ အိမ်ကွင်းပွဲတိုင်းကို ပြင်းထန်တဲ့ အားပေးမှုတွေဖြင့် ကူညီပေးသွားမှာပါ။ ပိုချက်တီနိုကတော့ သူတို့အသင်းနဲ့ ရင်ဆိုင်ရမယ့်ပွဲမှာ လီဗာပူးပရိသတ်တွေ အပျော်နဲ့ မပြီးဆုံးစေရဘူးလို့ ကြွေးကြော်ပါတယ်။
ပိုချက်တီနိုကပဲ ” ဒီညပွဲဟာ နည်းပြကလော့ပ်အတွက် သိပ်ကောင်းတဲ့ပွဲ ဖြစ်ပါလိမ့်မယ်။ ဒီကနေ ရာသီကုန်ထိ အန်ဖီးကွင်းမှာ ယှဉ်ပြိုင်ရမယ့် ပွဲတိုင်းက ကလော့ပ်အတွက် ပွဲကောင်းတွေချည်း ဖြစ်ပါလိမ့်မယ်။
အန်ဖီးမှာ ယှဉ်ပြိုင်ကစားရမယ့် ပွဲစဉ်တိုင်းကို လီဗာပူးပရိသတ်တွေက ပါတီပွဲကြီး တစ်ခုလို အောင်ပွဲခံကြပါလိမ့်မယ်။ လီဗာပူးပရိသတ်တွေက ကလော့ပ် အပေါ်ထားတဲ့ သူတို့ရဲ့ ချစ်ခြင်းကို ပြသချင်နေကြတယ်၊ ဒါက ကလော့ပ်အတွက် ထိုက်တန်ပါတယ်။
ကျနော်တို့ ချယ်ဆီးကလည်း ဒီပွဲကို အနိုင်ရဖို့ စဉ်းစားထားပါတယ်။ ဒီလို ပြေရလို့ စိတ်မကောင်းပါဘူး။ လီဗာပူးအသင်း အောင်ပွဲခံလိုမှုမှာ ကျနော်တို့ ပါဝင် ကူညီပေးမှာ မဟုတ်ပါဘူး။ ကျနော်တို့က သူတို့ရဲ့ အောင်ပွဲခံလိုမှုကို ဖျက်ဆီးမှာပါ။ အပျော်တွေကို ပျောက်ဆုံးသွားအောင် လုပ်ဆောင်မှာပါ။
လီဗာပူးတို့ မပျော်နိုင်ဖြစ်စေဖို့က ဒီပွဲကို အနိုင်ရအောင် အားထုတ်ရမယ့် ကျနော်တို့ အသင်း အပေါ်မှာပဲ မူတည်နေပါတယ် ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ အမှတ်ပေးဇယား ဒုတိယနဲ့ တတိယ နေရာတွေက ကလပ်တွေရဲ့ ဖိအားပေးလာခြင်းကို ရင်ဆိုင်နေရတာမို့ ဒီကနေ့ညပွဲကို အနိုင်ရဖို့ လိုအပ်နေတာပဲ ဖြစ်ပါတယ်။