ဒီဘရိုင်းကို ရှာတွေ့ခဲ့တဲ့ အားကစားဒါရိုက်တာအား ခေါ်ယူရေး လီဗာပူးအသင်း ကြိုးစားမည်

လီဗာပူးအသင်းဟာ အားကစားဒါရိုက်တာ ရာထူးအတွက် လူသစ် ခေါ်ယူဖို့ ကြိုးစားရာမှာ ပရီးမီးယားလိဂ် ကလပ် ၃ သင်းက ဒါရိုက်တာတွေကို ရွေးချယ်လာခဲ့ပါတယ်။

ဂျော့ရှမတ်ကီနဲ့ လမ်းခွဲတော့မယ့် လီဗာပူးအသင်းဟာ မိုက်ကယ် အတ်ဝပ်ကို ပြန်လည် ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒါကြောင့် ဝက်စ်ဟမ်း၊ ဘုန်းမောက်နဲ့ ဘရိုက်တန်အသင်းတွေက အားကစားဒါရိုက်တာတွေကို ထပ်မံ ချဉ်းကပ်တော့မှာ ဖြစ်ပါတယ်။

သူတို့ထဲမှာတော့ ဝက်စ်ဟမ်းအသင်းရဲ့ အားကစားဒါရိုက်တာ Steidten နဲ့ ဘုန်းမောက် ဒါရိုက်တာ Richard Hughes တို့က လီဗာပူးအသင်းနဲ့ သတင်းအထွက်ဆုံး ဖြစ်လာပါတယ်။

FSG က လီဗာပူးအသင်း ဖွဲ့စည်းပုံကို ပြန်လည် တည်ဆောက်ရာမှာ အားကစားဒါရိုက်တာကို အရင်ဆုံး ခေါ်ယူမှာ ဖြစ်ပေမယ့် တရားဝင် ချဉ်းကပ်မှုတွေ မစတင်ရသေးပါဘူး။

ဝက်စ်ဟမ်းကလည်း ကျော်ကြားတဲ့ သူတို့ရဲ့ ဂျာမာန် အားကစားဒါရိုက်တာကို ဆက်ထိန်းနိုင်ဖို့ အပြင်းအထန် အားထုတ်သွားမှာပါ။ Steidten ဟာ ဒီကလန်ရိုက်စ် နေရာ အစားထိုးဖို့ ဝတ်ပရောက်စ်၊ ခူးဒက်စ်နဲ့ အဲဗာရက်စ်လို ကစားသမားတွေကို ရှာဖွေခေါ်ယူပေးခဲ့သူ ဖြစ်ပါတယ်။

သူဟာ ဝက်စ်ဟမ်းကို မပြောင်းလာခင် အလွန်ဆို ကိုင်တွယ်နေတဲ့ လေဗာကူဆင် အသင်းမှာလည်း အားကစားဒါရိုက်တာ လုပ်ခဲ့ပါသေးတယ်။ ဒါ့အပြင် ဝါဒါဘရီမင် အသင်းမှာ ရှိနေတုန်းက ဒီဘရိုင်းနဲ့ ဂနာဘီတို့ကို ရှာဖွေ ခေါ်ယူခဲ့သူလည်း ဖြစ်ပါတယ်။

ဘုန်းမောက် ဒါရိုက်တာ Richard Hughes ကတော့ နည်းစနစ်ဒါရိုက်တာအဖြစ် ရာထူးတိုးထားတာ မကြာသေးသလို ဒေတာပိုင်းဆိုင်ရာ ချဉ်းကပ်မှုတွေကို ကျွမ်းကျင်သူအဖြစ် နာမည်ရနေသူပဲ ဖြစ်ပါတယ်။