လီဗာပူးအသင်းက ချက်ချန်ပီယံ စပါတာကို ၅-၁ နဲ့ အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ဟာ ဒီကြားရက်မှာတော့ ဒုတိယအကျော့ ရောက်လာတော့မှာပါ။
အဆိုပါပွဲမှာ လီဗာပူးအသင်းတွင်း ဒဏ်ရာ ပြဿနာတွေ များပြားနေတဲ့ကြားက နည်းပြကလော့ပ်ဟာ ဒီယက်စ်၊ ဒါဝင်၊ မာကာ၊ ရိုဘိုတို့နဲ့ အင်ပြည့်အားပြည့် ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးပရိသတ်တွေကတော့ ပထမအကျော့တည်းက အပြတ်ဖြတ်လိုတာလို့ ယူဆကြတယ်။ စပါတာနည်းပြကတော့ ဒါဟာ လီဗာပူးထက် ၂ ဆင့်လောက် အဆင့်နိမ့်တဲ့ ချက်ကလပ်ကို ကလော့ပ်က လေးလေးစားစား ယှဉ်ပြိုင်ပေးခဲ့တာလို့ ယုံကြည်နေပါတယ်။
လီဗာပူးအပေါ်ထားတဲ့ သူတို့ သဘောထားကို အဝတ်လဲခန်းတွင်း ပြောဆိုမှုတွေ ထည့်သွင်း ပါဝင်တဲ့ ဗီဒီယိုအဖြစ် စပါတာအသင်းက သူတို့ ယူကျူ့ချန်နယ်ကနေ တင်သွားခဲ့ပါတယ်။
စပါတာနည်းပြ Brian Priske က “ မိုဆာလာနဲ့ ဗန်ဒိုက်တို့ မပါတာကလွဲရင် သူတို့ ပွဲထွက်တစ်ခုလုံး အရည်အချင်းကောင်းတွေနဲ့ပဲ။ သူတို့ ယူလာတဲ့ လူစာရင်း မင်းတို့ ငါတို့တွေကို တကယ်ကို လေးစားမှုပေးထားတာပါ။
ဒါက မင်းတို့အားလုံးကို လေးစားလို့ သူတို့ အကျိတ်အနယ် ပြိုင်မယ်ဆိုတဲ့ လူစာရင်းကို ခေါ်လာတာပါ။ သူတို့ ဒီပွဲကို ေ-ာက်ရမ်း လေးစားစွာ ပြိုင်မယ့် သဘောပါပဲ။ ဒါဟာ ငါတို့အသင်းနဲ့ မင်းတို့ ကစားသမားတွေကို လေးစားမှုပေးတာပဲလို့ ထင်မိတယ်။
မင်းတို့ကိုလည်း ကိုယ့်ရဲ့ဘောလုံးကို အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်စေချင်တယ်။ ငါတို့ ဘယ်လို ကစားသလဲ မင်းတို့ သိပြီးသားပါ။
သူတို့က မင်းတို့ဘဝမှာ လုံးဝ မမြင်ဖူးတဲ့ အရှိန်မျိုးနဲ့ အင်ပြည့်အားပြည့် ကစားလာမှာပါ။ မင်းတို့ကလည်း သူတို့နဲ့ ရင်ဆိုင်နိုင်တဲ့ ပြိုင်ဘက်အဖြစ် ပြန်ကစားပြဖို့ လိုပါတယ် ” လို့ အသိပေးခဲ့တာ ဖြစ်ပါတယ်။
စပါတာနည်းပြကတော့ ဒုတိယအကျော့မှာ သူတို့အသင်းဟာ ခံစစ်ပိတ်မကစားဘဲ တိုက်စစ်ဖွင့်ပြီး လီဗာပူးကို ပွဲကောင်းတစ်ပွဲ ရင်ဆိုင်ပြမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။