အဆင်ပြေလာချိန်မှာ ခြေစွမ်းဟောင်း ပြဖြစ်အောင် ပြန်ပြခဲ့သေးတဲ့ ဒါဝင် နူးညက်စ်

လီဗာပူးအသင်းက ပွဲချိန် ၁၄ မိနစ်မှာတင် စပါတာကို ၄ ဂိုးပြတ် ဦးဆောင်ထားတဲ့ မနက်ကပွဲမှာ ဒါဝင် နူးညက်စ်က ပြောစရာလေးတော့ လုပ်ခဲ့ပါသေးတယ်။

နောက်ဆုံးကစားထားတဲ့ ၁၂ ပွဲမှာ ကိုယ်တိုင် ၉ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၃ ကြိမ် လုပ်ထားနိုင်တဲ့ ဒါဝင်ဟာ သူ့ရဲ့ လီဗာပူးကစားသမားဘဝ စွမ်းဆောင်ရည် အတည်ငြိမ်ဆုံး ကာလကို ပိုင်ဆိုင်လာနေပါပြီ။

ဒီရာသီမှာဆိုရင် ဒါဝင်ဟာ လီဗာပူးအတွက် ၄၁ ပွဲကစားထားပြီး သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုပေါင်း ၂၉ ကြိမ်ထိ လုပ်ပြထားတာပါ။ သူ့ဟာ ပရီးမီးယားလိဂ်ရဲ့ အခွင့်အရေး အဖြုန်းတီးဆုံး ကစားသမား နေရာမှာလည်း ရှိမနေတော့ပါဘူး။

စပါတာနဲ့ပွဲအတွင်း ပွဲချိန် ၃၅ မိနစ်မှာတော့ ဒါဝင် နူးညက်စ်ဟာ အံ့မခန်း လွဲချော်မှုကို လုပ်ခဲ့ပါသေးတယ်။ ဒီပွဲမှာ ဆာလာနဲ့ ကောင်းကောင်းကြီး တွဲကစားပြခဲ့တဲ့ ဒါဝင်ဟာ အီဂျစ်သား ပေးလာတဲ့ အနိမ့် ဖြတ်တင်ဘောကို ဂိုးရှေ့ ၅ ကိုက်စည်းထဲကနေ အသာအယာဖြင့် အပိုင်ပိတ်ခွင့်ရပေမယ့် မိုးထောင်သွားခဲ့တာ ဖြစ်ပါတယ်။

ဒါဝင်က ဆာလာကို လက်ပြပြီး တောင်းပန်ခဲ့သလို နည်းပြကလော့ပ်ကတော့ အဲ့ဖြစ်ရပ်ကို ကြည့်ပြီး ရယ်ကျဲကျဲ မျက်နှာပေးဖြင့်ပဲ တုန့်ပြန်သွားပါတယ်။

အဲ့ဖြစ်ရပ်ကလွဲရင် ဒါဝင်ရဲ့ ခြေစွမ်းက မဆိုးခဲ့ပါဘူး။ အဖွင့်ဂိုးမှာဆိုရင် ဒါဝင်ဟာ တိုက်စစ်မှူး တစ်ဦးအဖြစ် ဧရိယာဘောက်ထဲ သူ့ရဲ့ ရွေ့လျား နေရာယူပေးနိုင်စွမ်း၊ ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်နိုင်စွမ်းကို ပြသခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့ နောက်ထပ် သွင်းဂိုးတွေမှာ ဒါဝင်ဟာ ညာခြမ်းက ဆာလာကို ဘောလုံးလမ်းကြောင်း ဖွင့်ပေးပုံတွေ ကောင်းမွန်ခဲ့ကာ မဆိုးလှတဲ့ ၄၅ မိနစ်ကို ကစားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ ကြိုတင် ကာကွယ်မှုအတွက် ဒါဝင်ကို လူစားလဲခဲ့ပါတယ်။