ကလော့ပ် နှုတ်ကနေ အပြစ်တင်ခံရသလို လီဗာပူးပရိသတ်တွေရဲ့ ဒေါသကို ရင်ဆိုင်လာရတဲ့ ဒါဝင်

လီဗာပူးအသင်းဟာ ဒီရာသီ အညံ့ဆုံး ခြေစွမ်းမျိုးနဲ့ အတ္တလန်တာကို ရှုံးနိမ့်အပြီးမှာ အသင်းပရိသတ်တွေဟာ ဒါဝင် နူးညက်စ်ကို ဝေဖန်လာကြပါတယ်။

ပွဲချိန် ၁၅ မိနစ်မှာ ကာတစ်ဂျုံးရဲ့ ဖန်တီးပေးမှုကနေ ဒါဝင် နူးညက်စ်ဟာ ဒီပွဲရဲ့ အကောင်းဆုံး အခွင့်အရေးကို ရခဲ့တာပါ။ ဒါပေမယ့် ဂိုးသမားနဲ့ တစ်ဦးချင်း အတွေ့မှာ သူ့ရဲ့ ပိတ်ချက်က ဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။

နည်းပြကလော့ပ်က ‘ ပွဲအစကောင်းသလို အကောင်းဆုံး အခွင့်အရေးကို ဒါဝင် အသုံးမချနိုင်ခဲ့ဘူး။ အဲ့ကနေပဲ အဆိုးဆုံးပွဲဖြစ်သွားခဲ့တယ်။ အကောင်းမြင်စရာ ဘာမှကို မရှိတာပါ ‘ လို့ ပွဲအပြီးမှာ ဝေဖန်ခဲ့ပါတယ်။

ပွဲချိန် မိနစ် ၆၀ ထိ ကွင်းထဲ ရှိခဲ့တဲ့ ဒါဝင်ဟာ အဲ့အခွင့်အရေးကလွဲရင် ဘာမှ ထူးထူးခြားခြား လုပ်ပြနိုင်ခြင်း မရှိသလို အသင်းကိုလည်း ပံ့ပိုးပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

ဒါဝင် နူးညက်စ်ဟာ ဒီရာသီမှာ သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှု ၂ ခုပေါင်း အကြိမ် ၃၀ ကျော်ရထားပေမယ့် အခွင့်အရေး အများကြီးကို ဆုံးရှုံးစေခဲ့သူပါ။ ယူနိုက်တက်ပွဲမှာလည်း ဦးဆောင်ဂိုးရသင့်တဲ့ အခွင့်အရေးကို ဖြုန်းတီးခဲ့တဲ့နောက် လီဗာပူးပရိသတ်တွေက သူ့အပေါ် ဒေါသတွေ ထွက်လာနေပါတယ်။

” နူးညက်စ်ကို ငါတော့ စိတ်ကုန်နေပြီကွာ။ သူ တိုက်စစ်မှာ ပါနေရတာ ဂိုးသွင်းဖို့ပါ။ ”

” နူးညက်စ်ထံက စိတ်ပျက်စရာ စွမ်းဆောင်ရည်ပဲ ထပ်မြင်ရပြန်ပြီ။ ဂျုံးပေးတဲ့ ဘောလုံးက အနည်းဆုံးတော့ သူ ဂိုးသမားကို လှိမ်ခေါက်လိုက်လို့ ရသေးတယ်ကွာ။ ”

” အခွင့်အရေးတွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်တဲ့ တိုက်စစ်မှူးပဲ လိုနေပါတယ်။ ”

” နောက်ရာသီ ချန်ပီယံလိဂ်မှာ ငါတို့အသင်းရဲ့ အဓိက တိုက်စစ်မှူးက ဒါဝင် နူးညက်စ်တဲ့ကွာ။ ”

” ဒါဝင်က ခြေစွမ်း လုံးဝ မငြိမ်ဘူး။ ငါတို့အသင်းရဲ့ ပွဲထွက် တိုက်စစ်မှူး သူဖြစ်နေဖို့ မထိုက်တန်ဘူး။ ” စသဖြင့် ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။