စီနီယာတွေကြားမှာ နေရာလုဖို့ ရာသီကြိုမှာ စောင့်ကြည့်ရမယ့် လီဗာပူး ကြယ်ပွင့် (၆) ဦး

လီဗာပူး အကယ်ဒမီ ကစားသမား စတီဖန်ဘာ့ဆီတစ်ဟာ အရောင်တောက်ပတော့မယ့် ကျောက်ရိုင်းတုံးလေးအဖြစ် ဒီရာသီ ပထမအသင်းထံ ရောက်ရှိလာသလို တခြားသော လူငယ်ကြယ်ပွင့်တွေကလည်း အလားအလာရှိကြောင်း ပြသခဲ့ကြပါတယ်။

နောက်ရာသီမှာ ဘယ်သူတွေက စီနီယာအသင်းမှာ တောက်ပတဲ့ စွမ်းဆောင်ရည်တွေ ပြသလာနိုင်မလဲ လေ့လာကြည့်ရအောင်ပါ။

မာဆယ်လို ပီတာလူဂါ
အသက် – ၂၀ နှစ် (ဂိုးသမား)

ကလယ်ဟာက အသင်းကနေ ထွက်ခွာလိုတာကြောင့် အသင်းဟာ အယ်လီဆန် နေရာအတွက် အရံအဖြစ် အနည်းဆုံး တစ်ယောက်ခေါ်ယူရမှာပါ။ ဒါပေမယ့် အရံနေရာတွေအတွက် အကယ်ဒမီကြယ်ပွင့်တွေကို အသုံးချနိုင်ဖွယ်ရှိပါတယ်။ ပီတာလူးဂါဟာ အသင်းကြီးနဲ့အတူ ပုံမှန် လေ့ကျင့်ရေးဆင်းနေကျ ဖြစ်ပါတယ်။

ဟာဗေး ဒေးဗီး
အသက် – ၁၉ နှစ် (ဂိုးသမား)

ယူ-၉ မှာကတည်းက လီဗာပူးကစားသမားဖြစ်ခဲ့တဲ့ ဒေးဗီးဟာ မကြာသေးမီက နှစ်တွေအတွင်း အလျင်အမြန် တိုးတက်လာခဲ့ပြီး ပီတာလူးဂါလိုပဲ လေ့ကျင့်ရေး ပုံမှန်ဆင်းရကာ ပွဲနေ့တွေမှာ လိုက်ပါခဲ့ရပါတယ်။ ပီတာလူးဂါနဲ့ ဒေးဗီးတို့ထဲက တစ်ယောက်က အယ်လီဆန်ရဲ့ အရံဖြစ်လာမှာဖြစ်ပြီး ကျန်တဲ့တစ်ယောက်က အငှားထွက်ကစားရနိုင်ပါတယ်။

လုခ် ချိန်ဘားစ်
အသက် – ၁၈ နှစ် (ဘယ်နောက်တန်း၊ ဗဟိုခံစစ်)

ကလော့ပ်က ပုံစံအသစ်အဖြစ် ၃-၄-၃ ကစားကွက် ပြောင်းလဲလိုက်တာနဲ့အတူ ခံစစ်ပိုင်းမှာ တောင်းဆိုမှုအသစ်တွေ ရှိနေပါတယ်။ ထရန့် ညာနောက်တန်းကနေ ကွင်းလယ်ကို တက်သွားရပြီး ရိုဘိုက ဘယ်နောက်တန်းနဲ့ ဗဟိုခံစစ် ဘယ်ခြမ်း ပေါင်းစပ်ပြီး တာဝန်ယူရပါတယ်။

အဲ့နေရာမှာ ဆီမီကက်စ်က အရံလူဖြစ်နေကာ ချိန်ဘားစ်ဟာလည်း အသင်းကြီးကို တက်လှမ်းလာဖို့ အခွင့်အရေးရှိနေတာပါ။ သူဟာ ပင်ကိုယ်က ဘယ်နောက်ခံလူ ဖြစ်ပေမယ့် ယူ-၂၁မှာရော အငှားကစားသမားဘဝမှာပါ ဗဟိုခံစစ် အတွေ့အကြုံ ရှိပါတယ်။

ကော်နာ ဘရတ်ဒလေ
အသက် – ၁၉ နှစ် (ညာနောက်တန်း)

ဘော်တန်မှာ ဘရတ်ဒလေရဲ့ အငှားရာသီကို နှစ်ဖက်အကျိုးရှိစေတဲ့ win-win situation အဖြစ် နည်းပြက သုံးသပ်ခဲ့ပါတယ်။ မနှစ်ကရာသီ ပြိုင်ပွဲစုံ ၅၁ပွဲမှာ ၇ဂိုးသွင်း၊ ၆ဂိုးဖန်တီးပေးခဲ့တာပါ။ သူ့ရဲ့ မွှေနှောက်ရမ်းကားတတ်တဲ့ ညာခြမ်း ကစားပုံက လီဗာပူးရဲ့ နည်းစနစ်အသစ်မှာ အံဝင်မလား စောင့်ကြည့်ရဦးမှာဖြစ်ကာ ကယ်ဗင်ရမ်ဆေးလည်း ရှိနေပါသေးတယ်။

တိုင်လာ မော်တန်
အသက် – ၂၀ နှစ် (ကွင်းလယ်)

အငှားထွက်ကစားရာမှာ အထင်ကြီးစရာ ကောင်းခဲ့တဲ့ နောက်ထပ် ကစားသမားပါ။ ဘရတ်ဒလေလောက် သိပ်မတောက်ပခဲ့ပေမယ့် မော်တန်ဟာ ဘလက်ဘန်းအတွက် ၄၆ ပွဲ ကစားပေးခဲ့ပြီး ၄ဂိုး ဖန်တီးပေးခဲ့ပြီးနောက် ခြေထောက်ခွဲစိတ်မှုနဲ့ ရာသီကို စောစော အဆုံးသတ်ခဲ့ရတာပါ။

ဘလက်ဘန်းမှာ ဟာဗေးလိုမျိုး ပေါက်ကွဲပြခဲ့တာမဟုတ်ပေမယ့် သူဟာ အသုံးဝင်တဲ့ Homegrown တစ်ယောက် ဖြစ်လာနိုင်ပါတယ်။ မော်တန်ဟာ လီဗာပူး ပထမအသင်းကြီးအတွက် ၉ပွဲ ကစားပေးထားပြီးသားဖြစ်ကာ ဇန်နဝါရီတုန်းက ကလပ်ဟာ သူ့ကို စာချုပ်သစ် ချုပ်ဆိုပြီးတော့ ကြီးမားတဲ့ ယုံကြည်မှု ပေးခဲ့တာဖြစ်ပါတယ်။

ဗန်ဒုတ်
အသက် – ၁၇ နှစ် (ညာတောင်ပံ)

ဒီရာသီအတွင်း အဆင်မပြေမှုတွေ များစွာထဲက ကောင်းတဲ့အချက်ကတော့ အနာဂတ်ကြယ်ပွင့်အဖြစ် ဗန်ဒုတ် ထွက်ပေါ်လာခဲ့တာပါ။ ညာတောင်ပံမှာ မဆုတ်မနစ် ကြိုးစားကစားတဲ့ ဒုတ်ဟာ ဘောလုံးရှိရှိ မရှိရှိ အာရုံစိုက် ကြိုးပမ်းနေခဲ့တာပါ။ သူဟာ ၅ပွဲထက်ပိုပြီး မကစားရသေးပေမယ့် ပထမအသင်းကြီး လေ့ကျင့်ရေးမှာတော့ ပုံမှန်ပါဝင်ခဲ့ရဆဲ ဖြစ်ပါတယ်။

လီဗာပူးဟာ ချန်လှပ်ထားလို့ မရတဲ့ မိုဆာလာရဲ့ အရံအဖြစ် လူငယ်တစ်ယောက်ကို နေရာပေးရဖို့ ရှိနေပြီး ကိုင်ဒီဂေါ်ဒန်ကလည်း အလားအလာရှိနေပါတယ်။ နောက်ရာသီမှာ ဂေါ်ဒန်ထက် ဒုတ်ခ်က မကြာခဏ ပိုပြီးတော့ အခွင့်အရေး ရခဲ့ရင်တောင် အံ့ဩစရာ ဖြစ်မှာမဟုတ်ပါဘူး။