လီဗာပူးအသင်း ရှုံးထွက်တက်နိုင်မလား ချန်ပီယံလိဂ်ပြိုင်ဘက်တွေကို ယေဘုယျ သုံးသပ်ကြည့်ခြင်း

လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ဘက် ၈ သင်းကို အကျဉ်းချုံး သုံးသပ်ကြည့်ပါတယ်။ LFCThaDin ဖတ်ရှုသူတွေအနေနဲ့လည်း ကိုယ့်အမြင်ကို လွတ်လွတ်လပ်လပ် မှတ်ချက်ပေးခဲ့နိုင်ပါတယ်။

ရီးရဲလ်မက်ဒရစ်

ချန်ပီယံလိဂ် ၃၆ သင်းထဲမှာ အခက်ဆုံးပြိုင်ဘက် ရီးရဲလ်ကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာပါ။ နောက်ဆုံးနှစ်တွေမှာ တစ်ခါမှ အနိုင်မရဘူးဆိုတာ ဝန်ခံပါတယ်။ ဒါပေမယ့် အန်ဖီးကွင်းမှာ တွေ့မှာပါ။ အန်ဖီးအားနဲ့ဆိုရင် သရေလောက်တော့ ကစားနိုင်စွမ်း ရှိပါတယ်။

လိုက်ဇစ်

Pot 1 ထဲက အားအနည်းဆုံး အသင်းတွေထဲက တစ်သင်းပါ။ အမြဲတမ်း ကစားအားကောင်းတဲ့ အသင်းဖြစ်ပေမယ့် လက်ရှိ လီဗာပူးလူစာရင်းနဲ့ဆိုရင် သူတို့ အိမ်ကွင်းမှာ အနိုင်ကန်ဖို့က ဖြစ်နိုင်ပါတယ်။

လေဗာကူဆင်

မနှစ်ကရာသီ ဘွန်ဒက်လီဂါချန်ပီယံဖြစ်ပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျ မြင်ကြည့်မယ်ဆိုရင် လေဗာကူဆင်ရဲ့ ဥရောပအတွေ့အကြုံက နည်းပါးပါတယ်၊ လီဗာပူး မနိုင်နိုင်တဲ့ အသင်းမျိုး မဟုတ်ပါဘူး။ ဒါ့အပြင် ကန်ရမယ့်ကွင်းက အန်ဖီးဖြစ်ပါတယ်။

အေစီမီလန်

စီးရီးအေကလပ်က ဒီနှစ်တွေအတွင်း လီဗာပူး မကြာခဏ ထိပ်တိုက်ရင်ဆိုင်နေရပါတယ်။ လွယ်ကူတဲ့ ပြိုင်ဘက် မဟုတ်သလို ဆန်စီယိုမှာ ကစားရမယ်ဆိုတာကို မှတ်ထားဖို့လိုပါတယ်။ ဒါပေမယ့် လီဗာပူး မနိုင်နိုင်တဲ့ အသင်းတော့ မဟုတ်ပါဘူး။

လိုင်လီ

အန်ဖီးကွင်းမှာ ပြင်သစ်ကလပ်ကို အနိုင်ယူဖို့ရာ လီဗာပူးက တောင့်တင်းနေဆဲပါ။

ပီအက်စ်ဗီ

လိုင်လီထက် ပိုပြီး ခက်ကောင်းခက်နိုင်ပါတယ်။ လက်ရှိ နယ်သာလန်ရဲ့ အတည်ငြိမ်ဆုံး အသင်းဖြစ်ပါတယ်။ လီဗာပူးက နယ်သာလန်ကလပ်တွေကို ရင်ဆိုင်ရာ အတော်လေး ရလဒ်ကောင်းသလို အာနယ် ဆလော့ ကျွမ်းကျင်တဲ့ နယ်ပယ်ဖြစ်ပါတယ်။

ဘိုလော့ညာ

မနှစ်ကရာသီ စီးရီးအေမှာ ခြေစွာခဲ့တဲ့အသင်းပါ။ ဒါကြောင့်ပဲ ကလော့ပ်နေရာ အစားထိုးဖို့ လီဗာပူးက ဘိုလော့ညာ နည်းပြဖြစ်တဲ့ မော်တာကို ချိတ်ဆက်ခဲ့ဖူးပါတယ်။ လီဗာပူးက နည်းပြအပြောင်းအလဲ ရှိသလို ဘိုလော့ညာကလည်း လူကောင်းတွေ ရောင်းထုတ်ပြီး နည်းပြပြောင်းထားပါတယ်။

ဂျီရိုနာ

မနှစ်က လာလီဂါမှာ ထောင်တက်သွားခဲ့တဲ့ ကက်တလန်ကလပ်ပါ။ မန်စီးတီးဘောလုံးအစုအဖွဲ့ဝင် ကလပ်တစ်သင်းဖြစ်ပါတယ်။ အရည်အချင်းကောင်းတွေ ရှိထားပေမယ့် ကက်တလန်ဒေသတွင်း အားအကောင်းဆုံး ဘာစီလိုနာကိုတောင် ကောင်းကောင်း ယှဉ်နိုင်တဲ့ လီဗာပူးထက်စာရင်း အားပျော့လွန်းတဲ့အသင်းဖြစ်ပါတယ်။

နိဂုံးချုပ်အဖြစ် ပြောရရင် ဒီပြိုင်ဘက်တွေကို ရင်ဆိုင်အပြီးမှာ လီဗာပူးအသင်းဟာ ထိပ်ဆုံး ၈ သင်းထဲပါပြီး ရှုံးထွက် တက်နိုင်စွမ်း ရှိပါတယ်။