လီဗာပူးနဲ့ ချန်ပီယံလိဂ်ပွဲအတွက် လက်မှတ် ၂၀၀၀၀ နီးပါး ရောင်းမကုန်ဖြစ်နေတဲ့ အေစီမီလန်

၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲတွေ စတင်တော့မှာဖြစ်ပြီး ဒီအပတ်မှာ လီဗာပူးအသင်းဟာ အေစီမီလန် အိမ်ကွင်းထံ သွားရောက် ယှဉ်ပြိုင်ရပါမယ်။

အီတလီသတင်းဌာနတွေ ဖော်ပြချက်အရ အေစီမီလန်ဟာ လီဗာပူးပွဲနေ့အတွက် လက်မှတ် ရောင်းချမှုတွေ အခုထိ ရောင်းမကုန်ဖြစ်နေတယ်လို့ ဆိုပါတယ်။

လက်မှတ်ပေါင်း ၇၅၀၀၀ ရှိတဲ့ထဲက ၅၅၀၀၀ ဝန်းကျင်ကပဲ ရောင်းထုတ်သေးတာပါ။

နောက်ဆုံး ယှဉ်ပြိုင်ထားတဲ့ Venezia ပွဲကို ၄-၀ ဖြင့် ဂိုးပြတ် အနိုင်ရခဲ့ပြီး ပထမပိုင်းမှာတင် ၄ ဂိုး ပြတ်ခဲ့တာဆိုပေမယ့် အဖွင့် ၃ ပွဲလုံး နိုင်ပွဲမရခြင်းကို အေစီမီလန် ပရိသတ်တွေ စိတ်ပျက်နေပါတယ်။

ချန်ပီယံလိဂ်ပွဲ လက်မှတ်ဟာ စီးရီးအေပွဲထက် လက်မှတ်နှုန်းထား ပိုကြီးမြင့်တာကြောင့်လည်း အခုလို ရောင်းမကုန်ဖြစ်နေရတာပါ။

ပွဲနေ့ထိ လက်ကျန် လက်မှတ်တွေကို ဆက်လက် ရောင်းချဖို့ အေစီမီလန်ဘက်က ဆုံးဖြတ်ထားပြီး ပွဲချိန် မတိုင်ခင် လက်မှတ်အားလုံး ရောင်းကုန်မယ်လို့လည်း မျှော်လင့်နေဆဲဖြစ်ပါတယ်။