အနိုင်ဖြင့် စဖွင့်တဲ့ ချန်ပီယံလိဂ်၊ အကောင်းဆုံး ကစားသမားဆု၊ ပွဲထွက်လူစာရင်း ပြောင်းလဲခဲ့တဲ့ အကြောင်းရင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကို အနိုင်ဖြင့် စတင်နိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲဟာ မျှော်လင့်ထားတာထက် ခက်ခဲ ပြင်းထန်နိုင်ပြီး အဖွင့်ပွဲ ဂိုးပြတ် အနိုင်ရခဲ့တဲ့ လီဗာပူးအသင်းဟာ အဆင့် ၃ နေရာမှာ ရှိနေပါတယ်။

ပွဲထွက်လူစာရင်းမှာ ကိုစတက်စ်နဲ့ ဂက်ပိုတို့ကို ထည့်သွင်းခဲ့တာက ပိုကောင်းမယ် ထင်တာကို စီစဉ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာ ထူးခြားကိစ္စ မရှိပါဘူး။

အေစီမီလန်ကို ၃-၁ ဖြင့် အနိုင်ရတဲ့ပွဲမှာ UEFA က ပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ဂရာဗင်ဘက်ချ်က ရသွားပါတယ်။

ကလော့ပ်နဲ့အတူ သိပ်ကောင်းတဲ့ အချိန်တွေကို ပိုင်ဆိုင်ခဲ့ဖူးပြီး အခုကတော့ အာနယ် ဆလော့နဲ့အတူ အဲ့လို အချိန်တွေ ပိုင်ဆိုင်ဖို့ပါပဲလို့ အေစီမီလန်နဲ့ပွဲမှာ ခေါင်းတိုက် ဂိုးသွင်းခဲ့သူ ဗန်ဒိုက်က ပြောပါတယ်။

အသင်းသားတွေရဲ့ မွေးနေ့မှာ သီချင်းဆို ဂုဏ်ပြုပေးတာထက် အေစီမီလန်ပွဲမှာ ထူးချွန်ခြေစွမ်း ပြပေးကြတာကို ပိုပြီး ကျေနပ်အားရတယ်လို့ အာနယ်ဆလော့က ဆိုပါတယ်။

ဆိုဘိုစလိုင်ရဲ့ သွင်းဂိုးအတွက် အေစီမီလန်ရဲ့ ဘောလုံးကို ဂရာဗင်ဘက်ချ်က ကြားဖြတ် ဖမ်းယူပြီး ပြိုင်ကစားသမား ၃ ယောက်ကြားကနေ တိုက်စစ်ကို ချိတ်ဆက်ပေးခဲ့တာပါ။

အေစီမီလန် တိုက်စစ်သမား လီယာအိုတစ်ယောက် ခံစစ်မှူး ကိုနတေးကို ကျော်ဖြတ်နိုင်ခြင်း မရှိခဲ့ခြင်းက ပွဲအဖြေကို သက်ရောက်စေခဲ့ကြောင်း သုံးသပ်မှုတွေ ထွက်ပေါ်နေပါတယ်။

ဖောရက်စ်ပွဲမှာ တည်ကန်ဘော အခွင့်အရေး ၈ ကြိမ်ရပေမယ့် ဂိုးရဖို့ မနီးစပ်ခဲ့ခြင်းကို စိတ်ပျက်ခဲ့ရပြီး setpiece ပိုင်း သေချာ ပြင်ဆင်ခဲ့တယ်လို့ အာနယ် ဆလော့က ပြောပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားတဲ့ အေစီမီလန် ယူ-၁၉ နဲ့ လီဗာပူး ယူ-၁၉ ပွဲကတော့ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ခဲ့ပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟက်က လီဗာပူးကို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးခဲ့ခြင်းကို ထူးပြီး မခံစားရကြောင်းနဲ့ မေလလောက်ဆိုရင် ဘယ်အသင်းက ဘယ်နေရာရောက်နေမလဲ မြင်ရပါမယ်လို့ ဆိုသွားပါတယ်။