ပရိသတ်တွေ သဘောမကျဖြစ်ခဲ့တဲ့ လူစာရင်း ရွေးချယ်မှုနဲ့ ပတ်သက်လို့ အာနယ် ဆလော့ ရှင်းပြ

လီဗာပူးအသင်းဟာ စက်တင်ဘာလ နိုင်ငံတကာသီတင်းပတ် အပြီးမှာ ယှဉ်ပြိုင်ကစားရတဲ့ ဖောရက်စ်ပွဲကို အရေးနိမ့်ခဲ့ပြီး အေစီမီလန်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နိုင်ပွဲပြန်ယူနိုင်ခဲ့ပါတယ်။

ဖောရက်စ်ပွဲတည်းက တိုက်စစ်ကို အပြောင်းအလဲ မလုပ်လို့ ဝေဖန်မှုတွေ ရှိထားခဲ့တာဖြစ်ပြီး အေစီမီလန်ပွဲမှာ ဒီရာသီ ပထမဆုံး ပွဲထွက်က ပါဝင်ခွင့်ရချိန် ဂက်ပို ခြေစွမ်းကောင်းတွေ ပြသသွားခဲ့ပါတယ်။ ဒါကြောင့်ပဲ ဖောရက်စ်ပွဲမှာကတည်းက ဂက်ပိုကို ထုတ်သုံးရမှာလို့ ထင်မြင်ချက်တွေ ထွက်လာခဲ့တယ်။

တကယ်တမ်းမှာ ပရီးမီးယားလိဂ်ပွဲတွေကို အရန်လူအဖြစ်ပဲ ကစားနေရတဲ့ ဂက်ပိုကို ဖောရက်စ်ပွဲမှာ ပွဲထွက်ကနေ ထည့်ကစားဖို့ဖြစ်ပေမယ့် နိုင်ငံပွဲအပြီး ပွဲပန်းနေတာကြောင့် ဒီယက်ဇ်ကို သုံးခဲ့ရတာလို့ နည်းပြက ပြောပြပါတယ်။

လူစာရင်း ရွေးချယ်မှုကိစ္စ ဆလော့က ရှင်းပြရာမှာ “ ပွဲတိုင်းမှာက ပြိုင်ဘက်ရဲ့ အခြေအနေ ဘယ်လိုရှိလဲနဲ့ ကိုယ့်မှာ ကြံ့ခိုင်နေတဲ့ ကစားသမား ဘယ်သူရှိလဲ အပေါ် အခြေခံပြီး ရွေးထုတ်ရတာပါ။

တကယ်တမ်းမှာ စနေနေ့ (ဖောရက်စ်) ကို ကိုဒီကို ပွဲထွက်လူစာရင်းက ပွဲထုတ်ဖို့ ရွေးချယ်ထားတာပါ။ သူက ဒတ်ချ်လက်ရွေးစင်အသင်းနဲ့ ၂ ပွဲလုံး ကစားခဲ့ရတာကြောင့် စနေပွဲအတွက်ဆိုရင် လူချိုက ပိုပြီး ကြံ့ခိုင်မှုကောင်းနေခဲ့ပါတယ်။

အဲ့ဒါကြောင့်မို့ ဖောရက်စ်ပွဲအတွက် ပွဲထွက်မှာ ကြံ့ခိုင်မှု ပိုကောင်းနေတဲ့ လူချို ပါလာခဲ့တာဖြစ်ပြီး အေစီမီလန်ပွဲမှာ ဂက်ပိုက ကစားခွင့်ရတာ ဖြစ်ပါတယ်။ ” လို့ ပြောပြသွားပါတယ်။

ဆလော့ကတော့ အနာဂတ်မှာ အလှည့်ကျ လူထုတ်မှုတွေကို ဆက်လုပ်လာဖွယ် ရှိနေကာ ပွဲဆက်များနေတဲ့ ဆိုဘိုစလိုင်၊ မက်ကယ်လစ္စတာနဲ့ ဂရာဗင်ဘက်ချ်တို့အပြင် တိုက်စစ်မှူး ဂျိုတာတို့ အနားရရေး စီစဉ်ပေးဖွယ် ရှိနေတာ ဖြစ်ပါတယ်။