ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု၊ ဂရာဗင်ဘက်ချ်ကို လုံးဝ မဖယ်ထုတ်ဖို့ သတိပေး၊ Top 5 ထဲမှာ ဆက်ရှိနေခြင်း၊ ဂျူဗီခံစစ်မှူးကို သဘောကျခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လီဗာပူးအသင်းဟာ အန်ဖီးကွင်းမှာ ဘိုလော့ညာကို မာကာ၊ ဆာလာတို့ရဲ့ သွင်းဂိုးတွေဖြင့် ၂-၀ နဲ့ အနိုင်ရခဲ့ကာ ချန်ပီယံလိဂ် အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရှိနေပါတယ်။

မာကာရဲ့ သွင်းဂိုးနောက်ပိုင်း လီဗာပူး ကစားပုံ ကျဆင်းသွားပေမယ့် ဆာလာရဲ့ လှပ သပ်ရပ်တဲ့ သွင်းဂိုးဟာ ပွဲကို ပြတ်ပြတ်သားသား ဦးဆောင်ခွင့် ရစေခဲ့ပါတယ်။

မိုဆာလာဟာ ဒီပွဲမှာ ချန်ပီယံလိဂ်ကပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆု ရခဲ့ပါတယ်။ သူဟာ သွင်းဂိုး ၄၅ ဂိုး သွင်းယူထားနိုင်တာကြောင့် အာဖရိက ကစားသမားတွေထဲ ချန်ပီယံလိဂ်သွင်းဂိုး အများဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါပြီ။

ဘိုလော့ညာဟာ သိပ်ကောင်းတဲ့အသင်းဖြစ်ပြီး နည်းစနစ်ပိုင်း ကောင်းမွန်မှုကလည်း အံ့မခန်းပါပဲလို့ ဆာလာက ချီးကျူးခဲ့ပါတယ်။

အသင်းရဲ့ ခံစစ်ကစားပုံဟာ ပိုတိုးတက်လာသင့်တယ်လို့ မာကာက ဝန်ခံသွားပါတယ်။ ဒီနေ့ပွဲမှာ အယ်လီဆန်ရဲ့ အံ့မခန်း လက်စွမ်းက အသင်းကို ကယ်တင်ခဲ့တာလို့လည်း သူက ပြောပါတယ်။

ပွဲထွက်လူစာရင်းကနေ ဂရာဗင်ဘက်ချ်ကို မထည့်တဲ့နေ့ဟာ အာနယ် ဆလော့ အနေနဲ့ လက်မခံနိုင်စရာ ရာဇဝတ်မှု ကျူးလွန်ခြင်းပဲလို့ လီဗာပူးပရိသတ်တွေ မှတ်ချက်ပေးပါတယ်။ ဂရာဗင်ဘက်ချ်ဟာ ပရိသတ်တွေပေးတဲ့ အကောင်းဆုံး ကစားသမားဆုကို ရခဲ့ပါတယ်။

ဒါဝင် နူးညက်စ် သိပ်ကောင်းတဲ့ ဂိုးကို သွင်းယူခဲ့ပေမယ့်လည်း လူကျွံခဲ့တာကြောင့် နှမြောစရာဖြစ်ခဲ့ပါတယ်။ ထရန့် ဘောလုံးပေးတာ အနည်းငယ် နောက်ကျခဲ့တာပါ။

အန်ဖီးကွင်းရဲ့ ချန်ပီယံလိဂ်ပွဲ အားပေးပုံဟာ စိတ်ပျက်စရာဖြစ်နေတယ်လို့ အသင်းပရိသတ် အချို့က ထောက်ပြနေပါတယ်။ ဒီရာသီမှာ အန်ဖီးကွင်းရဲ့ အားပေးပုံဟာ ငြိမ်သက်လွန်းကြောင်း မကြာခဏ ဝေဖန်ခံနေရပါတယ်။

ဘိုလော့ညာအသင်းဟာ ပထမပိုင်းမှာ ခြေပဂိုးရခဲ့သင့်ပေမယ့် အယ်လီဆန်၊ ဗန်ဒိုက်တို့ ကောင်းလွန်းနေခြင်းကြောင့် လီဗာပူး ကံကောင်းခဲ့တာပါ။

နည်းပြအာနယ် ဆလော့ကတော့ ဘိုလော့ညာပွဲအပေါ် အားရကျေနပ်မှု မရှိဘူးလို့ ဝန်ခံပါတယ်။ လီဗာပူးရဲ့ ကစားဟန်က ပွဲကို အပြည့်အဝ လွှမ်းမိုးမှု မရှိကြောင်း သူက မြင်ပါတယ်။

လီဗာပူးအသင်းဟာ ဂျူဗင်တပ် ခံစစ်မှူး ဘရီမာကို သဘောကျနေကြောင်း အီတလီ ဝါရင့် သတင်းထောက်တွေက ဖော်ပြနေပါတယ်။