အန်ဖီးမှာ ယှဉ်ပြိုင်တဲ့ ဘိုလော့ညာနဲ့ ချန်ပီယံလိဂ်ပွဲမှာ စီးရီးအေကလပ်ရဲ့ နည်းစနစ်ပိုင်း ကောင်းမွန်မှုဟာ လီဗာပူးအသင်းကို အတော်လေး အခက်တွေ့စေခဲ့ပါတယ်။
မာကာ၊ ဆာလာတို့ ဂိုးသွင်းပေမယ့် မျှော်လင့်ထားတာထက် ပိုခက်ခဲတဲ့ပွဲ ဖြစ်ခဲ့တာဟာ ဘိုလော့ညာရဲ့ တစ်ဦးချင်း လူကပ်ကစားပုံ သိပ်ကောင်းလို့ပါပဲ။
လူအသေလိုက်ကပ်နေတဲ့ ဘိုလော့ညာတို့ရဲ့ နည်းစနစ်ကို ဖောက်ထွက်ဖို့ ဂရာဗင်ဘက်ချ်ကို အားကိုးခဲ့ရကြောင်း ဆလော့က ပြောပါတယ်။ တစ်ဦးချင်း လူကပ်မှုတွေကို ဂရာဗင်ဘက်ချ် ကျော်ဖြတ်နိုင်ခြင်းဟာ ဘိုလော့ညာရဲ့ တစ်ဦးချင်းအလိုက် ဖိအားပေးစနစ်ကို ဟန်ချက်ပျက်စေတဲ့ထိ အတော်လေး ဝန်ထုတ်ဝန်ပိုး ဖြစ်စေခဲ့ပါတယ်။
ဘိုလော့ညာရဲ့ man-marking စနစ်ကို ဘယ်လို နည်းလမ်းတွေဖြင့် ဖြိုခွင်းခဲ့လဲ မေးခံရချိန်မှာ အာနယ် ဆလော့က
“ နည်းလမ်းအချို့က ဘိုလော့ညာကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေဖို့ ဒါမှမဟုတ် သူတို့ထက် ပိုကောင်းကောင်း ကစားဖို့ပါ။ သူတို့ကို ဖိအားများစေမယ့် နည်းလမ်း တစ်ခုကတော့ ကိုယ်က ဘောလုံးနဲ့အတူ မောင်းနှင်းတာ၊ ဘောလုံးနဲ့အတူ ပြိုင်ဘက်ကို လှိမ်ခေါက် ကျော်ဖြတ်တာပါပဲ။ ပြိုင်ဘက်ထက် ပိုကောင်းကောင်း ကစားပေးတာပေါ့။
ဘာလို့လဲဆိုတော့ ကိုယ့်က ပြိုင်ဘက်ထက် ပိုကောင်းအောင် ကစားပြီဆိုရင် သူတို့ ဝန်ပိသွားပါပြီ။ ဗာဂျယ်ထံကရတဲ့ ဘောလုံးကတစ်ဆင့် ရိုင်ယန်က အဲ့လို ကစားပေးခဲ့ပါတယ်။
ဒီနေ့ပွဲမှာ ရိုင်ယန် သိပ်ကောင်းပါတယ်။ သူ့ရဲ့ ဘောလုံး သယ်ထုတ်နိုင်တဲ့ စွမ်းရည်က ကျနော်တို့အတွက် အရေးကြီးခဲ့ပါတယ်။
ဒါပေမယ့် သူ့ရဲ့ ဘောလုံးထုတ်နိုင်စွမ်းကိုပဲ အာရုံစိုက်နေမယ်ဆိုရင် ဘောလုံးမရှိချိန် သူ ဘယ်လောက်ထိ အသင်းအတွက် အရေးပါလဲဆိုတာကို ခင်ဗျားတို့ မမြင်တာမျိုး ဖြစ်သွားလိမ့်မယ်။
ရိုင်ယန်က ဘောလုံးထုတ်ပေးတာတင် မဟုတ်ဘူး။ ကွင်းထဲမှာ second ball ပြန်ဆယ်ပေးတာလိုမျိုး အလုပ်တွေ အများကြီးကို လုပ်ပေးခဲ့ပါသေးတယ်။
၄၅ မိနစ်ကစားပြီးချိန်မှာ အသင်းသားတွေကို မချီးကျူးပါဘူး။ ပွဲအပြီးမှာတော့ သူတို့ထံက သိပ်ကောင်းတဲ့ စွမ်းဆောင်ရည် မြင်ခဲ့ရတာကို ကျနော် ချီးကျူးရပါလိမ့်မယ်။ ရွိုင်ယန်ကလည်း သိပ်ကောင်းခဲ့ပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ဂရာဗင်ဘက်ချ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာကော ချန်ပီယံလိဂ်မှာပါ နံပါတ် ၆ သမားနေရာက တောက်ပနေကာ လီဗာပူးရဲ့ ဖယ်ထုတ်မရတဲ့ ကစားသမား နေရာကို တက်လှမ်းလာနေပြီဖြစ်ပါတယ်။