

အန်ဖီးကွင်းမှာ ချန်ပီယံလိဂ်ပြိုင်ဘက် လေဗာကူဆင်ကို ဂိုးပြတ် အနိုင်ရတဲ့ပွဲအပြီး စကားစမြည်း ပြောစရာများအား LFCThaDin ဖတ်ရှုသူတွေနဲ့အတူ လေ့လာကြည့်မှာဖြစ်ပါတယ်။
ဆက်တိုက် အင်အားပြနေတဲ့ အန်ဖီး
ရာသီအစောတုန်းက ဖောရက်စ်ကို အရေးနိမ့်ခြင်းမှာ အငိုက်မိခဲ့တဲ့ အန်ဖီးပရိသတ်တွေဟာ ဒီနောက်ပိုင်းမှာတော့ အသင်းလိုအပ်ချိန်တိုင်း တွန်းအားပေးနိုင်စွမ်း ပြန်ပြသလာနေပါတယ်။
ဘရိုက်တန်ပွဲမှာ လီဗာပူးအသင်း ၃ မိနစ်အတွင်း ၂ ဂိုးရခြင်းအတွက် အဓိက ထောက်တိုင်ဖြစ်ခဲ့တဲ့ အန်ဖီးကပရိသတ်တွေဟာ လေဗာကူဆင်ကို အနိုင်ရတဲ့ပွဲမှာလည်း ပြင်းထန် အားပါတဲ့ နှိုးဆွမှုတွေဖြင့် အသင်းကို တွန်းအားပေးသွားခဲ့ပါတယ်။
လေဗာကူဆင်ပွဲ ပထမပိုင်းဟာ ဘရိုက်တန်ပွဲလောက် အခြေအနေ မဆိုးပေမယ့် စုဖွဲ့မှုကောင်းတဲ့ ပြိုင်ဘက်အသင်းကို ရင်ဆိုင်ရာမှာတော့ လွယ်ကူမနေခဲ့ပါဘူး။ ဒါပေမယ့် အန်ဖီးကွင်းက အသင်းပရိသတ်တွေ ဖန်တီးလိုက်တဲ့ အသံတွေဟာ ဂျာမာန်အသင်းကို တည်ငြိမ်မှု ပြိုကွဲစေခဲ့ပါတယ်။
ထူးလည်းထူးတယ် ရူးလည်းရူးတယ် အာနယ် ဆလော့
နယ်သာလန်သားတွေဟာ ဘောလုံးနဲ့ပတ်သက်လာရင် အများနဲ့မတူဘဲ ဆန်းသစ်လေ့ရှိပါတယ်။ လေဗာကူဆင်ကို ရင်ဆိုင်ရာမှာ ဆလော့ဟာ ဒါဝင်နဲ့ ဂက်ပိုတို့လို နံပါတ် ၉ သမားတွေကို အထောင်မှာ မထားဘဲ တောင်ပံသမားစစ်စစ်ဖြစ်တဲ့ ဒီယက်ဇ်ကို အလည်မှာ ထည့်ခဲ့ပါတယ်။
ဒီယက်ဇ်ရဲ့ ပထမဂိုးဟာဆိုရင် ဆလော့ရဲ့ စနစ် အလုပ်ဖြစ်တာကို မြင်ခဲ့ရပြီး ဂျုံးရဲ့ အကွက်မြင်လှတဲ့ ထိုးပေးမှုကနေ အကောင်းဆုံး ပိတ်သွင်းခဲ့တာပါ။ တကယ်တမ်းမှာ ဒီယက်ဇ်ဟာ နံပါတ် ၉ သမားစစ်စစ် မဟုတ်ဘဲ ကွင်းလယ် တိုက်စစ်သမား နေရာလောက်ကို ကစားသွားခဲ့တာ ဖြစ်ပါတယ်။
ဆလော့ဟာ လုပ်ရဲကိုင်ရဲရှိပြီး သူ့လက်ထက်မှာ လီဗာပူးလူစာရင်းနဲ့ ကစားကွက်ဟာ မှန်းဆရ ခက်ခဲလာနေပြီး ဒါဟာ အသင်းအတွက် အပေါင်းဆောင်တဲ့ တိုးတက်မှုပဲဖြစ်ပါတယ်။
ဥရောပအကောင်းဆုံးခံစစ်
ကိုနတေး-ဗန်ဒိုက် အတွဲဟာ ဒီရာသီ ဥရောပရဲ့ အကောင်းဆုံး ခံစစ်ကြောင်းဖြစ်နေပြီး ချန်ပီယံလိဂ်မှာ ပေးဂိုး ၁ ဂိုးပဲ ရှိထားပါတယ်။ ဒီတလောမှာ ခံစစ်ဟာ စွန့်စားတဲ့ ပေးချက်တွေ သိပ်မလုပ်တော့ဘဲ ဘယ်ကနေညာ ညာကနေဘယ်ကို ပုံမှန်ပေးတာလောက်ပဲ လုပ်ဆောင်နေတာ သတိပြုဖွယ် ဖြစ်ပါတယ်။
ဘောလုံးပေးချက်တွေမှာ ပြောင်မြောက်ဖို့အစား ခံစစ်ကြောင်းဟာ ပိုမို ကျစ်လစ်ဖို့ကို အားပြုလာပြီး ဧရိယာ box အတွင်းကော ဧရိယာထဲ ဝင်လာမှုမတိုင်ခင် အနေအထားတွေမှာ ကာကွယ်ပုံတွေကပါ သိသိသာသာ တိုးတက်လာနေပါတယ်။
ပိုင်ဆိုင်မှုပိုင်း ဆက်တိုက် ကျဆင်းပေမယ့် ပြဿနာ မရှိခြင်း
ဒီနောက်ပိုင်းမှာ လီဗာပူးအသင်းရဲ့ ဘောလုံးပိုင်ဆိုင်မှုက ဆက်တိုက် ကျဆင်းလာနေပါတယ်။ ချယ်ဆီးပွဲမှာ ၄၃%၊ ဘရိုက်တန်ပွဲမှာ ၄၉% နဲ့ လေဗာကူဆင်ပွဲမှာ ၄၇% တို့ပဲ ရထားတာဖြစ်ပါတယ်။
ဒီကာလတွေအတွင်း အသင်းကောင်းတွေ ဆက်တိုက် ရင်ဆိုင်ရမှာမို့ လူစာရင်း ပြောင်းလွန်းနေခြင်းကြောင့်လား ဒါမှမဟုတ် ကွင်းလယ်မှာ မာကာ ခြေစွမ်း အနည်းငယ်ကျနေတာကပဲ ဘောလုံးထိန်းထားနိုင်စွမ်း ကျဆင်းစေသလား မေးခွန်းထုတ်စရာရှိပါတယ်။
ဒါဟာ ရေရှည်အတွက် လီဗာပူးနည်းပြအဖွဲ့ စဉ်းစားရမယ့် အပိုင်းဖြစ်ပေမယ့် ပိုင်ဆိုင်မှု နည်းပါးခြင်းဟာ အသင်းရဲ့ နိုင်ပွဲယူနိုင်ခြင်းကို မရပ်တန့်စေပါဘူး။
ချန်ပီယံလိဂ်ကို ဦးဆောင်ခြင်း
ဒီရာသီစ မဲခွဲတုန်းက လီဗာပူးအသင်းဟာ ပီအက်စ်ဂျီပြီးရင် အကြပ်ဆုံး ပွဲစဉ်ဇယားကို ပိုင်ဆိုင်ထားတယ်လို့ ဆိုကြပေမယ့် ၄ ပွဲကစား ၄ ပွဲနိုင်ခြင်း ချန်ပီယံလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေပါပြီ။
ဒါဟာ လာမယ့်လတွေ အသင်း ပွဲကြပ်ကာလကို ကျော်ဖြတ်တဲ့အခါ များစွာ အရေးပါလာမှာဖြစ်ပြီး ထိပ်ဆုံး ၈ သင်းထဲက ၁ သင်းဖြစ်လာဖို့ နောက်ထပ် ၅ မှတ် ၆ မှတ်လောက်ပဲ လိုအပ်တော့မယ်လို့ မှန်းဆထားရတာဖြစ်ပါတယ်။