အင်္ဂလန်ရဲ့ အကောင်းဆုံးအသင်း၊ သံလက်သီးပိုင်ရှင် လီဗာပူး၊ ဖိုင်နယ်ပွဲတကာတို့ရဲ့ အစ စသဖြင့် လီဗာပူးအသင်းနဲ့ ပတ်သက်ပြီး စပိန်ကလာတဲ့ အသံများ

ဗုဒ္ဓဟူးနေ့ည လီဗာပူးပွဲကြိုမှာ စပိန်မီဒီယာတွေကတော့ အန်ဖီးကလပ်ကို လေးစား အထင်ကြီးတဲ့ သတင်းဆောင်းပါးတွေ ဝေဝေဆာဆာ ဖော်ပြနေပါတယ်။

ဒီနှစ်တွေအတွင်း လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ရေစက်တွေများခဲ့ပြီး မာဆေးဆိုဒ်ကလပ်က အမြဲတမ်း အနိုင်ယူခံနေခဲ့ရတာပါ။ ဒါပေမယ့် ဥရောပသမိုင်းကြောင်းကြီးတဲ့ ဒီနှစ်သင်းဟာ အတိတ်မှာတော့ အပြန်အလှန် အနိုင်ယူမှုတွေ ရှိခဲ့ဖူးပါတယ်။

၂၀၀၉ ခုနှစ်တုန်းက အန်ဖီးကွင်းမှာ ကစားရမယ့် ပွဲမတိုင်ခင် MARCA ကနေပြီး ‘အန်ဖီးကွင်းဖြစ်တော့လည်း ဘာဖြစ်လဲ?’ လို့ ခေါင်းကြီးသတင်း ရေးခဲ့ချိန်မှာ အရှက်တကွဲ ရလဒ်ပါ ထွက်ခဲ့ဖူးပေမယ့် ဒီတစ်ကြိမ်မှာတော့ အဲ့လိုလေသံမျိုး မဟုတ်တော့ပါဘူး။

ဒီတစ်ကြိမ် MARCA ကနေ ရေးလာတာကတော့ အာနယ် ဆလော့ရဲ့ အသင်းဟာ ” လက်ရှိ ဥရောပရဲ့ အကောင်းဆုံး ပုံစံကို ပြသနိုင်တဲ့ အသင်းရယ်” လို့ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် လီဗာပူးနဲ့ ရီးရဲလ်မက်ဒရစ် ထိပ်တိုက်တွေ့တဲ့ပွဲကိုတော့ “သံလက်သီးပိုင်ရှင်တွေ ရင်ဆိုင်တွေ့ခြင်း” လို့လည်း ညွှန်းဆိုပါတယ်။

ဆာလာနဲ့ပတ်သက်လို့လည်း စပိန်မီဒီယာတွေကတော့ ” လီဗာပူးတစ်သင်းလုံးကို ကျောမှာထမ်းပိုးထားပြီး ယနေ့ခေတ်မှာ သူ့လို စွမ်းဆောင်ရည်နဲ့ ကစားသမားမျိုး လက်ချိုးရေလို့ရအောင် နည်းပါတယ်” လို့ ဆိုပါတယ်။

တချို့ကလည်း ရီးရဲလ်မက်ဒရစ် vs အင်္ဂလန်အကောင်းဆုံးအသင်းကြား ရင်ဆိုင်​ေတွ့မယ့် တိုက်ပွဲရယ်လို့ တင်စားကြပါတယ်။

မက်ဒရစ်အခြေစိုက် Relevo ကဆိုရင် “ ဒါဟာ ရာသီကုန်မှာ ကစားရမယ့် ဖိုင်နယ်ပွဲတွေ မတိုင်ခင် ပထမဆုံးဖိုင်နယ်ပွဲပဲ။ အင်္ဂလန်ရဲ့ အကောင်းဆုံးသော အသင်းဖြစ်နေတဲ့ အာနယ် ဆလော့ရဲ့ အသင်းကို ရင်ဆိုင်ရမှာက တော်ဝင်သားတွေ တိုးတက်လာရေး စိန်ခေါ်မှုတစ်ခုပဲ။

ဒီပွဲ ရှုံးသွားရင် ၁၆ သင်းအဆင့်ကို playoff ကနေ စကစားရလိမ့်မယ်။ ဒီပွဲက အသင်းရဲ့ စိတ်ဓါတ်ပိုင်းကို တိုးတက်စေမယ့်ပွဲ ” လို့ ညွှန်းဆိုသွားတာ ဖြစ်ပါတယ်။