လီဗာပူးအသင်းဟာ ဥရောပပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို အန်ဖီးမှာ ရင်ဆိုင်ကစားပြီး မာကာ၊ ဂက်ပိုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂-၀ ဖြင့် အနိုင်ရခဲ့ပါတယ်။
ဦးဆောင်ဂိုးရှင် မာကာကတော့ ပွဲအပြီး ချန်ပီယံလိဂ်ကပေးတဲ့ ပွဲစဉ်ရဲ့ အကောင်းဆုံး ကစားသမားဆုကို လက်ခံရရှိခဲ့တယ်။ သူကတော့ ပွဲပြီး အင်တာဗျူးမှာ သူ့ရဲ့ အသင်းဖော်ကို မမေ့မလျော့ ကျေးဇူးတင်သွားခဲ့ပါတယ်။
မာကာကပဲ ” ရီးရဲလ်မက်ဒရစ်လို အသင်းကို ရင်ဆိုင်ကစားပြီး ဂိုးသွင်းယူနိုင်တယ်ဆိုတာက သိပ်ကိုကောင်းတာပါ။ ဒါပေမယ့် အရေးအကြီးဆုံးက ကျနော်တို့ နည်းမှန်လမ်းမှန်နဲ့ အနိုင်ရခဲ့တာပါပဲ။
ကျနော်တို့တွေ ပွဲကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့တယ်။ ကလယ်ဟာကို လိုအပ်တဲ့ အကြိမ်တွေရှိခဲ့ပြီး တကယ်ပါကွာ သူကလည်း လိုအပ်ချိန်တိုင်း အဆင်သင့်ကို ရှိနေတာပါ။ သူက တကယ်ကို ချီးကျူးဖို့ ထိုက်တန်ပါတယ် ” လို့ အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။
ဒီနိုင်ပွဲအတွက် လီဗာပူးဘက်က ဘရတ်ဒလေ၊ ကလယ်ဟာတို့ ထူးချွန် စွမ်းဆောင်ရည်တွေ ပြသခဲ့ခြင်းဖြစ်တယ်။ ရီးရဲလ်ဘက်ကလည်း ဂိုးရဖို့ အခွင့်အရေးကောင်းတွေ ရှိခဲ့ပေမယ့် လီဗာပူးဂိုးသမား ကလယ်ဟာကို မကျော်ခဲ့ပါဘူး။
အမ်ဘာပေရဲ့ ပင်နယ်တီကို သေသပ်စွာ ကိုင်တွယ်ခဲ့သလို ကောင်တာတိုက်စစ်နဲ့ ပွဲပြီးခါနီး ထိုးဖောက်ချက်တွေကိုလည်း ကလယ်ဟာက အမှားအယွင်းမရှိ ကာကွယ်ပေးခဲ့တယ်။
ဒီနိုင်ပွဲကြောင့် လီဗာပူးက ၅ ပွဲကစား ၅ ပွဲနိုင် ရမှတ် ၁၅ မှတ် အပြည့်ဖြင့် ချန်ပီယံလိဂ် အမှတ်ပေးဇယားကို ဦးဆောင်ထားကာ ရှုံးထွက်ကို တိုက်ရိုက် တက်သွားဖို့ အရေးသာနေခဲ့ပြီ ဖြစ်ပါတယ်။