ညက ပွဲမှာ အသင်းအတွက် အလှည့်အပြောင်း ဖြစ်သွားစေနိင်တဲ့ အခိုက်အတန့်အဖြစ် ၁-၀ ဦးဆောင်ထားချိန်မှာ အသင်းက ပင်နယ်တီ ခွင့်ပြုခဲ့ရပါတယ်။
အိမ်ရှင် လီဗာပူးအသင်းက ရီးရဲလ်ကို ဖိကစားနိုင်ပေမယ့် ပထမပိုင်း ပြီးချိန်မှာ ဝ-ဝ နဲ့ သရေကျနေခဲ့ပြီး ဒုတိယပိုင်း ပွဲချိန် ၅၂ မိနစ်မှ လီဗာပူးက မက်ကယ်လစ္စတာရဲ့ သွင်းဂိုးနဲ့ ပြန် ဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် သိပ်မကြာခင်မှာပဲ ရီးရဲလ် အသင်းသား Lucas Vazquez ကို ဧရိယာထဲမှာ ရော်ဘတ်ဆန်က ခြေထိုးခံသလို ဖြစ်ကာ foul ကျူးလွန်ခဲ့တာကြောင့် လီဗာပူးတို့ ပင်နယ်တီ ပေးခဲ့ရပါတယ်။
ထို ပင်နယ်တီကို အမ်ဘာပေ ကို ကန်သွင်းခဲ့ပေမယ့် လီဗာပူး ဂိုးသမား ကလယ်ဟာက ကာကွယ် ပုတ်ထုတ်နိုင်ခဲ့တာကြောင့် အိမ်ရှင် လီဗာပူးတို့ သက်သာရာ ရခဲ့ပါတယ်။
အသင်းရဲ့ အရေးကြီးချိန်မှာ ပင်နယ်တီပေးလိုက်ရတဲ့ ဖြစ်ရပ် အတွက် ပွဲပြီး အင်တာဗျူးမှာ လီဗာပူး နောက်ခံလူ ရော်ဘတ်ဆန် တစ်ယောက် မေးခွန်းထုတ်ခံခဲ့ရပြီး စကော့သား ခပ်တည်တည် တုန့်ပြန်ခဲ့မှုက အသင်းပရိသတ်တွေကြား ပွဲကျနေခဲ့ပါတယ်။
” ပင်နယ်တီလား ? အဲဒါကလည်း ကျွန်တော်တို့ ဂိုးသမား ကြည့်ရတာ (ဘာမှကို မလှုပ်ရှားရတော့) ပျင်းနေတယ်လို့ ထင်လို့ပါ။ ကျွန်တော့် ဘော်ဒါကြီး လုပ်စရာလေး ရသွားအောင် ကူညီပေးလိုက်တာ။ သူ ကာကွယ်ပေးခဲ့တာကို ကျေးဇူးတင်ပါတယ် ” လို့ ရော်ဘတ်ဆန်က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ကလယ်ဟာရဲ့ ပင်နယ်တီ ကာကွယ်ချက်ကို ပွဲကြည့်စဉ်မှာ ပါးစပ်အဟောင်းသား အံ့အားသင့်မှုတွေနဲ့ အတူ ပထမ ဂိုးသမား အယ်လစ်ဆန်ရဲ့ စိုးရိမ်မှု ရောပြွန်းနေတဲ့ အကြည့်နဲ့ ပုံကိုလည်း တွေ့ရပါတယ်။
တံကောက်ကြော ဒဏ်ရာကနေ ပြန်လည် သက်သာလာပြီ ဖြစ်တဲ့ အယ်လစ်ဆန် ဟာ ပွဲထွက် နေရာကို အရင်လို မဟုတ်ဘဲ ကလယ်ဟာနဲ့ အပြိုင် စိန်ခေါ်ရဖွယ် ရှိနေပြီ ဖြစ်ပါတယ်။