လီဗာပူးပရိသတ်တွေက ပြိုင်ဘက်ကြီးကို အနိုင်ယူနိုင်ခြင်းအတွက် ပျော်ရွှင်နေကြမှာ ဖြစ်ပေမယ့် ရလဒ်ထက် စွမ်းဆောင်ရည်ကို ပိုမိုကျေနပ်ကြရမှာဖြစ်တယ်လို့ နည်းပြ အာနယ် ဆလော့က အသိပေးလာပါတယ်။
၁၅ နှစ်အတွင်း ပထမဆုံးအကြိမ် ရီးရဲလ်မက်ဒရစ်ကို လီဗာပူးတို့ တစ်ကျော့ပြန်နိုင်ခဲ့ရာမှာ ခြေစွမ်းဟာလည်း အဘက်ဘက်က သာလွန်ကောင်းမွန်ခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ပြသခဲ့တဲ့ ခြေစွမ်းဟာ အာနယ် ဆလော့ လက်ထက် လီဗာပူးရဲ့ အကောင်းဆုံး ပွဲကြီး စွမ်းဆောင်ရည်လည်း ဖြစ်ပါတယ်။
အာနယ် ဆလော့ကပဲ ” ချန်ပီယံလိဂ်ဖလားကို အကြိမ်ပေါင်းများစွာ နိုင်ထားတဲ့ ကလပ်တစ်သင်းကို ရင်ဆိုင်ပြီး အနိုင်ယူရတာက ဘယ်လောက်တောင် ကောင်းတယ်ဆိုပြီး အခြားသူတွေ ပြောနေကြသလိုမျိုး ကျနော် လိုက်ပြောနေမှာ မဟုတ်ပါဘူး။
ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေအတွင်း ဥရောပကို လွှမ်းမိုးထားတဲ့ အသင်းပါ။ သူတို့ကြောင့် လီဗာပူးအသင်း နာကျင်ခဲ့ရတဲ့ အကြိမ်တွေ မနည်းပါဘူး။ ဒါက ကြီးကျယ်တဲ့ သီတင်းပတ်ဆိုတာ ကျနော်တို့ သိပါတယ်။
ဒါပေမယ့် ဒီအပတ် ပြီးသွားရင် နောက်အပတ်ဟာလည်း ကြီးကျယ်တဲ့ သီတင်းပတ် တစ်ခု ဖြစ်လာဦးမှာပါ။ ကျနော်တို့ဟာ ရီးရဲလ်မက်ဒရစ်ကို အနိုင်ရတာဆိုတဲ့ အပေါ်မှာ ပျော်ရွှင်နေရမှာ မဟုတ်ဘဲ ကျနော်တို့ မြင်ခဲ့ရတဲ့ အသင်းရဲ့ ကစားဟန်အပေါ် ကျေနပ်နေရမှာ ဖြစ်ပါတယ် ” လို့ မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ချန်ပီယံလိဂ်မှာ မှန်ကန်တဲ့ ပွဲချဉ်းကပ်မှုတွေကို ဆက်တိုက် ပြသနေပြီး စိတ်ရှည်စွာ ထိန်းချုပ်ကစားခြင်းနဲ့အတူ နိုင်ပွဲတွေကို ရာနှုန်းပြည့် ရယူထားတာပဲ ဖြစ်ပါတယ်။