အသင်းကနေ မထွက်ခွာဘူးလို့ ဟာဗေး ကြေညာ၊ ကမ္ဘာ့အကောင်းဆုံးအသင်းလို့ ပြိုင်ဘက်တွေ ချီးကျူး၊ ကလော့ပ် မှတ်တမ်းရုပ်ရှင် ထုတ်လွှင့်မယ့်ရက် အတည်ပြုခြင်းနဲ့ နံနက်ခင်း လီဗာပူး သတင်းတိုများ

လိုင်လီအသင်းကို ၂-၁ ဖြင့် အနိုင်ရခဲ့တာကြောင့် လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။ ထိပ်ဆုံး ၂ သင်းထဲက ၁ သင်းအဖြစ် သေချာခဲ့ပြီဖြစ်ကာ ဘာစီလိုနာကို ၃ မှတ်ဖြတ်ထားပါတယ်။

သွင်းဂိုး ၁ ဂိုး သွင်းယူခဲ့တဲ့ မိုဆာလာဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၅၀ ပြည့်သွားခဲ့ပြီဖြစ်ပါတယ်။

လိုင်လီပွဲမှာ သဘောမကျတဲ့ အချက်တစ်ခုကို ရွေးထုတ်ပေးရမယ်ဆိုရင် ပြိုင်ဘက်က အခွင့်အရေး တစ်ကြိမ်တည်းနဲ့ ဂိုးရသွားတာပါပဲလို့ လီဗာပူးနည်းပြ အာနယ် ဆလော့က ထုတ်ဖော်ပါတယ်။

ဒုတိယပိုင်းအစမှာတင် ဆိုဘိုစလိုင်နဲ့ ဂရာဗင်ဘက်ချ်တို့ကို လူစားလဲဖို့ ဖြစ်ပေမယ့် ကာတစ်ဂျုံး ဆက်မကစားနိုင်တော့လို့ နည်းပြအဖွဲ့က ဆိုဘိုစလိုင်ကို ပွဲချိန် ပိုပေးခဲ့တာဖြစ်ပါတယ်။

စာချုပ်သစ်ကိစ္စ မေးခံရချိန်မှာ အသင်းအတွက် ပျော်ပျော်ရွှင်ရွှင် ကစားနေကြောင်းနဲ့ နောက်ထပ် ချန်ပီယံလိဂ် သွင်းဂိုး ၅၀ ရလိုတယ်လို့ မိုဆာလာက ပြောပါတယ်။

ဒီရာသီ လီဗာပူးအသင်းက ကောင်းပေမယ့် သူ့အတွက် အကောင်းဆုံးအသင်းကတော့ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ လီဗာပူးအသင်းပါလို့ ကိုနတေးက ပြောပါတယ်။

အနိုင်ဂိုးရှင် ဟာဗေး အယ်လီးယော့ကတော့ သူ လီဗာပူးအသင်းကနေ ထွက်ခွာသွားမှာ မဟုတ်ဘူးလို့ လိုင်လီပွဲအပြီး ထုတ်ပြောသွားပါတယ်။

ယူနိုက်တက်ပွဲအပြီး များစွာ ဝေဖန်ခံရတဲ့ ထရန့်ကို ချစ်ခြင်းတွေပေးပြီး ကိုင်တွယ်ခဲ့ပါတယ်လို့ အာနယ် ဆလော့က ပြောပါတယ်။ အဆိုပါပွဲမှာ ကွင်းထဲ လမ်းလျှောက်နေခဲ့တဲ့ ထရန့်ဟာ နောက်ပိုင်းပွဲတွေမှာ ခြေစွမ်း ပြန်ပြလာနိုင်ခဲ့ပါတယ်။

လိုင်လီဂိုးသမား Lucas Chevalier က ကမ္ဘာ့အကောင်းဆုံး အသင်းတစ်သင်းကို ရှုံးနိမ့်တဲ့အခါ ရင်ထဲ ကျေနပ်မနေပေမယ့်လို့ အမှတ်တရတော့ ဖြစ်စေတယ်လို့ ပွဲအပြီး ပြောဆိုပါတယ်။

ပြိုင်ဘက်အသင်း တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်ကလည်း ပွဲအပြီးမှာ လီဗာပူးဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးအသင်းပါလို့ ချီးကျူးခဲ့ပါတယ်။

ယာဂင်ကလော့ပ်ရဲ့ လီဗာပူးနည်းပြဘဝအကြောင်းကို ‘Doubters to Believers Liverpool FC: Klopp’s Era‘ လို့ အမည်ပေးထားပြီး ဖေဖော်ဝါရီ ၂၈ ရက်ကျရင် Prime ကနေ ထုတ်လွှင့်မှာပါ။

အသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူး ဂျေဒန်ဒန့်စ့်ကို Stoke, Blackburn နဲ့ Preston North End အသင်းတို့က အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။