

လီဗာပူးအသင်းဟာ ပီအက်စ်ဂျီကို အဝေးကွင်း သွားရောက် ယှဉ်ပြိုင်ရာမှာ တူတင်ကိုယ်တင် ယှဉ်ကစားရေးထက် ခံစစ်ကို အားပြုပြီး ကောင်တာတွေကနေ တန်ပြန်ထိုးဖောက်ဖို့ ကြိုးစားသွားခဲ့ပါတယ်။
ပွဲအတွင်းမှာ ကစားဟန် အမျိုးမျိုး ချိန်းခဲ့ပေမယ့် အသင်းရဲ့ ဦးတည်ချက်ကတော့ ခံစစ်ကို အားပြုရင်း အခွင့်အရေးရလာခဲ့ရင် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ရေး ဖြစ်ခဲ့ပါတယ်။ ဒါဟာ အလုပ်ဖြစ်ခဲ့ပြီး ပွဲချိန် ၈၇ မိနစ်မှာတော့ ဟာဗေးက ကောင်တာကနေ ဂိုးသွင်းနိုင်ခဲ့တာပါ။
‘ ဒုတိယပိုင်းမှာ ကျနော်တို့ရဲ့ ခံစစ်ကစားပုံကို အနည်းငယ် ပြောင်းလဲခဲ့ပါတယ်။ ဒီပွဲအတွက်လည်း အိုင်ဒီယာ ၂ ခု ပြင်ဆင်ခဲ့ပါတယ်’ လို့ အာနယ် ဆလော့က ရှင်းပြပါတယ်။
လီဗာပူးအသင်းဟာ ဒုတိယပိုင်းမှာတော့ ဟာကီမီကို အနီးကပ် ထောက်ထားခဲ့ပြီး ဧရိယာဇုန်ထဲကို ပီအက်စ်ဂျီကစားသမားတွေ ခပ်လွယ်လွယ် ဝင်မလာနိုင်ရေး အဓိက ဦးတည်ခဲ့တာပါ။ အာနယ် ဆလော့ဟာ ဒုတိယပိုင်းမှာ ဆာလာလို ကစားသမားကိုတောင် ကွင်းထဲကနေ ထုတ်သွားခဲ့ပါတယ်။
‘ ပထမပိုင်းမှာ လူချိုကို ပြိုင်ဘက်ထံက ဘောလုံးတွေ လုယူရေး ဖိအားပေးမှုတွေ ပိုလုပ်ပေးဖို့ တောင်းဆိုခဲ့ပြီး ဒုတိယပိုင်းမှာတော့ သူ့ကို ဟာကီမီနားပဲ လိုက်ကပ်ထားဖို့ လမ်းညွှန်ခဲ့တယ်။ အခွင့်အရေး ဖန်တီးနိုင်မယ့် နေရာကောင်းတွေမှာ ကျနော်တို့ တည်ကန်ဘော ၂ ကြိမ် ရခဲ့တယ်။
ပထမပိုင်းမှာ ကျနော်တို့က ပီအက်စ်ဂျီ တိုက်စစ်ဆင်လာမှာကို စောင့်နေခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ သူတို့ရဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု အများအပြားဟာ ခပ်ဝေးဝေးကနေပဲ လုပ်ခွင့်ရခဲ့ပါတယ် ‘ လို့ အာနယ် ဆလော့က ပြောပြသွားတာ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ဂိုးရလောက်မယ့် ရွှေရောင်အခွင့်အရေး ရခဲ့သေးပေမယ့် ဂျာအို နီဗက်စ် လွဲချော်သလို ဂိုးသမား အယ်လီဆန်ကလည်း သိပ်ကောင်းနေခဲ့တာကြောင့် လီဗာပူးအသင်းဟာ အဝေးကွင်းမှာ အဖိုးတန် နိုင်ပွဲ ယူနိုင်ခဲ့တာဖြစ်ပါတယ်။