

လီဗာပူးနည်းပြ အာနယ် ဆလော့က ချန်ပီယံလိဂ်ပြိုင်ဘက် ပီအက်စ်ဂျီဟာ ဒီရာသီ အသင်းရင်ဆိုင်ထားသမျှ ပြိုင်ဘက်တွေ အားလုံးထက် သာလွန်နေတဲ့ အသင်းအဖြစ် ချီးကျူးပါတယ်။
ပထမအကျော့မှာ ၁-၀ ရလဒ် ထွက်ထားပေမယ့် ပီအက်စ်ဂျီရဲ့ အရည်အချင်းအရ ဒုတိယအကျော့မှာ ဘယ်လိုရလဒ် ထွက်ပေါ်လာမလဲ မှန်းဆနိုင်ဖို့ ခက်ခဲပါတယ်။ ပီအက်စ်ဂျီဘက်ကလည်း အန်ဖီးမှာ လီဗာပူးကို အနိုင်ယူလိုနေတာပါ။
ပြင်သစ်ကလပ်ဘက်က လီဗာပူးဟာ မျှော်လင့်ထားသလောက် မကောင်းဘူးလို့ ဆိုနေကြပေမယ့် သူ့အမြင်မှာတော့ ပီအက်စ်ဂျီဟာ ပြည်တွင်းပြိုင်ဘက် အာဆင်နယ်၊ မန်စီးတီးအပြင် ချန်ပီယံလိဂ်ပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ထက် ပိုသာလွန်တဲ့ အသင်းလို့ ဆိုခဲ့ပါတယ်။
အာနယ် ဆလော့ “ ပီအက်စ်ဂျီ ကစားသမားအချို့က ငါတို့ထက် အာဆင်နယ်၊ ဘိုင်ယန်မြူးနစ်က ပိုကောင်းတယ်လို့ ပြောနေကြတယ်ဆိုတာ ကြားမိပါတယ်။
ဒီရာသီ ငါတို့ ရင်ဆိုင်ထားသမျှ အသင်းတွေထဲမှာ ပီအက်စ်ဂျီက ပြီးပြည့်စုံမှု အရှိဆုံးပါ။ ငါတို့က အာဆင်နယ်၊ ရီးရဲလ်မက်ဒရစ်၊ မန်စီးတီးတို့နဲ့ ယှဉ်ပြိုင်ထားခဲ့ပေမယ့် ပီအက်စ်ဂျီရဲ့ အရည်အချင်းက အားလုံးရဲ့ အထက်မှာ ရှိပါတယ်။ ထိပ်တန်းနည်းပြလည်း ရှိနေတဲ့ အသင်းပါ။
ပီအက်စ်ဂျီဟာ အများကြီး တိုးတက်လာတဲ့ အသင်းပါ။ သူတို့ရဲ့ စိတ်ခံစားချက်တွေအပေါ် ငါတို့က လွှမ်းမိုး ပြောင်းလဲနိုင်စွမ်း မရှိပါဘူး။ မနက်ဖြန်ပွဲပြီးရင်တော့ သူတို့ရဲ့ အမြင် ပြောင်းလဲသွားဖို့ မျှော်လင့်ပါတယ်။ ” လို့ ပြောခဲ့တာဖြစ်တယ်။
ပထမအကျော့မှာ ခံစစ်ကို အားပြုခဲ့တဲ့ လီဗာပူးအသင်းဟာ ဒုတိယအကျော့မှာတော့ တိုက်စစ်ကို ပြန်ကစားဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြတာ ဖြစ်ပါတယ်။